
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇွန် ၉ ရက်
ကရင်နီပြည်နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထကျောင်းများနှင့် ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ပညာရေးဌာနလက်အောက်ရှိ ကျောင်းများတွင် ကျောင်းသားဦးရေများပြားလာမှုနှင့်အတူ စာရေးကိရိယာ နှင့် ဆရာ၊ ဆရာမ ဦးရေလို အပ်မှုများ ရှိလာကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ စာသင်နှစ်များစနေပြီဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ အများစုမှာ စစ်ရှောင်ဒေသများရှိ ယာယီကျောင်းဆောင်များတွင် စာသင်ကြားနေကြရပြီး မိုးရာသီ သို့ ရောက်ရှိလာသည်နှင့်အမျှ အမိုးအကာ လိုအပ်ချက်များမှာလည်း အရေးပေါ် လိုအပ်လာကြောင်း IEC ထံက သိရသည်။
“အခုကကျောင်းတွေပြန်စဖွင့်နေကြပါပြီ။ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လက်ရှိမှာ ကျွန်မတို့ IEC ပညာရေးဌာနနဲ့ အခြားပညာရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတချို့ကနေ တတ်နိုင်သလောက် ကြိုးစားဖြည့်ဆည်းပေးနေပေမယ့် လိုအပ်ချက်ကအလွန်များနေတာရယ် ၊ ပြီးတော့ကျောင်းသူ၊ ကျောင်းသားဦးရေလည်း တိုးလာတာနဲ့အမျှ လုံလောက်မှုကမရှိသေးပါဘူး” ဟု IEC ပညာရေးဌာန ဌာနမှူးကြီးမော်မိမာ ကဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်နယ်အတွင်း IECလက်အောက်ရှိကျောင်းများ နှင့် ကိုယ်ထူကိုယ်ထ အခြေခံပညာကျောင်းများ၌ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ လေးသောင်းကျော်ရှိကာ လက်ရှိတွင် ဖတ်စာအုပ်များ၊ စာရေးကိရိယာများနှင့် ဆရာ၊ ဆရာမ ဦးရေ လုံလောက်မှုမရှိကြောင်းလည်း သိရသည်။
အဆိုပါ အခက်အခဲများကြောင့် စာသင်ကျောင်းတစ်ချို့မှာ ယခုအချိန်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပဲ အဓိကအားဖြင့် အထက်တန်းကျောင်းများကို နေရာအများ စုတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ကျောင်းသားဦးရေလည်းတိုးလာတာနဲ့ အမျှကျောင်းအရေအတွက်လည်း တိုးလာတာ ရှိပါတယ်။ လောလောဆယ်မှာက ကျွန်မတို့ ဆရာ၊ ဆရာမထောက်ပံ့ကြေးကို တချို့ပဲပံ့ပိုးနိုင်သေးတယ်။ ပံ့ပိုးနိုင်တဲ့ထောက်ပံ့ကြေးပမာဏကလည်း အရမ်းနည်းတော့ ဆရာ၊ ဆရာမမတွေအတွက် စားဝတ်နေရေးအခက်အခဲနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေ ကြရတယ်” ဟု IEC ဌာနမှူးကြီးမော်မိမာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်နယ်အတွင်း နယ်မြေစိုးမိုးနိုင်မှုအခြေအနေများအရ စစ်ကောင်စီ၏ ပညာရေးဌာန လက်အောက်ရှိ စာသင်ကျောင်းအများစုမှာ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ သော်လည်း ယခုစာသင်နှစ်တွင် စစ်ကောင်စီက တိုက်ပွဲများဖြစ်ပွားနေသည့် လွိုင်ကော် မြို့ပေါ်ရှိ အထက်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#ကရင်နီ #စာသင်ကျောင်း #ကိုယ်ထူကိုယ်ထ #ဆရာဆရာမ #စာရေးကိရိယာ #IEC #လိုအပ်ချက် #Ayeyarwaddy_Times