ဧရာ၀တီတိုင်းမ်
ဇွန်လ ၉ ရက်

နာမည်ကျော် မန်ယူအသင်းဟာ အားနည်းနေတဲ့ အသင်းခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် လက်ရှိ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ဗဟိုခံစစ်မှူးတစ်ဦးခေါ်ယူသွားဖို့ အပြင်းအထန် ကြိုးပမ်းနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်းရဲ့ နောက်တန်းအားနည်းမှု၊ ဗဟိုခံစစ်မှူးအများအပြား ဒဏ်ရာတွေရရှိခဲ့တာကြောင့် အသင်းခံစစ်အားနည်းခဲ့သလို ပေးဂိုးပမာဏလည်း စံချိန်တင် များပြားခဲ့ပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ဒီနှစ်ဘောလုံးရာသီအပြီးမှာ ဝါရင့်နောက်ခံလူ ဗာရန်းကို စာချုပ်သစ် မချုပ်တော့ဘဲ ထွက်ခွာခွင့်ပြုထားတဲ့အတွက် အဓိကနောက်ခံလူ မာတီနက်ဇ်နဲ့တွဲဖက်ကစားဖို့ ဗဟိုခံစစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျူဗီတပ်အသင်း နောက်ခံလူ ဘရီမာ၊ အဲဗာတန်အသင်းက ဘရော့ဝှစ်၊ နိစ်အသင်းက တိုဒီဘိုတို့ဟာ သရဲနီတို့ရဲ့အဓိက ပစ်မှတ်တွေဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် အားကစားမီဒီယာတွေက ဖော်ပြပါတယ်။

မန်ယူအသင်းဟာ ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်လက်ထက်မှာ အသက် ၂၅ နှစ်အောက် ကစားသမားတွေကို ဦးစားပေးခေါ်ယူဖို့ မူဝါဒချမှတ်ထားတဲ့အတွက် အသက် ၂၅ နှစ် မပြည့်သေးတဲ့ ဘရော့ဝှစ်နဲ့ တိုဒီဘိုတို့ဟာ ခေါ်ယူနိုင်ချေအမြင့်ဆုံးထဲမှာ ပါဝင်နေပါတယ်။

တဖက်မှာ ဂျူဗီတပ်ဟာ မန်ယူတိုက်စစ်မှူး မေဆင်ဂရင်း၀ုဒ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ မန်ယူအနေနဲ့ ပြောင်းရွှေ့ကြေးအသုံးစရိတ် ချွေတာနိုင်ဖို့ကြိုးပမ်းနေတဲ့ကာလဖြစ်လို့ နောက်ခံလူ ဘရီမာနဲ့ တိုက်စစ်မှူး ဂရင်း၀ုဒ်တို့ ကို တိုက်ရိုက်လဲလှယ်တာမျိုးလည်း ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

သေချာတာကတော့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းထံကို ဗဟိုခံစစ်မှူးတစ်ဦး ရောက်ရှိလာမှာဖြစ်ပြီး မန်ယူပရိတ်သတ်တွေအနေနဲ့ လာမယ့်ရာသီမှာ ဗဟိုခံစစ်အတွဲ အသစ်တစ်ခုကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ – အင်တာနက်
#Ayeyarwaddy_Times #SportNews #မန်ယူ