ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်

ထိုင်းနိုင်ငံ၊ Maung ခရိုင်ရှိ အစိုးရဆေးရုံတစ်ခုမှာ မြန်မာနိုင်ငံသား လူနာတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဉီးက စနေနေ့မှာ အာဏာပိုင်တွေထံ ဖမ်းဆီးခံခဲ့တယ်လို့ သိရပါတယ်။

Khon Kaen ဆေးရုံက ခုတင်ချင်းကပ်လျက်မှာ ဆေးကုသမှုခံယူနေတဲ့ ဖခင်ဖြစ်သူကို စိတ်အ နှောက်အယှက်ဖြစ်စေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့တယ်လို့ သေနတ်သမား ဖြစ်သူ ရဲတပ်ဖွဲ့ဝင်က ဝန်ခံခဲ့ပါတယ်။

Khon Kaen မြို့က Phra Yuen ရဲစခန်းမှာ တာဝန်ကျနေတဲ့ အသက် ၃၄ နှစ်အရွယ် ရဲတပ်ကြပ် ကြီး ဗီရာဖောင်က စနေနေ့မနက်ပိုင်းမှာ Khon Kaen ပြည်နယ်ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။

အဖမ်းခံတဲ့အချိန်မှာ အဆိုပါရဲက စိတ်ဖိစီးမှုများနေပြီး စိတ်ရှုပ်ထွေးနေခဲ့ပေမယ့် မြန်မာနိုင်ငံ သားကို ပစ်သတ်ခဲ့တာကို ဝန်ခံထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ် အနူဝပ်က ပြော ပါတယ်။

“သေနတ်သမားက မြန်မာနိုင်ငံသားနဲ့ အရင်က လုံးဝတွေ့ဆုံဖူးခြင်းမရှိဘဲ ဆေးရုံတက်မှသာ ပထမဆုံး ဆုံဖူးကြသူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံသားရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ ကို သူမကြိုက်ဘူးလို့ ထွက်ဆိုထားပါတယ်။ အဲဒါကြောင့် သူက မြန်မာနိုင်ငံသားရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သူဘာကြောင့် အခုလို ပစ်သတ်ခဲ့တာကို သူ မသိခဲ့ပါဘူး” လို့ ရဲဗိုလ်ချုပ် အနူဝပ်က ပြောပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ခံရတဲ့ မြန်မာနိုင်ငံသားကို ဆေးရုံဝန်ထမ်းတွေက အရေးပေါ်ဆောင်သို့ ပို့ ဆောင်ပေးခဲ့ပေမယ့် ခဏအကြာတွင် သေဆုံးသွားခဲ့ပါတယ်။

ဗီရာဖောင်ဟာ စိတ်ဖိစီးမှုရောဂါနဲ့ နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူ လည်းဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့နီးကပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ သေနတ်သမား ဖြစ်သူ ထိုင်းရဲကို ဖခင်ဖြစ်သူက လက်နက်ချဖို့ နားချရာမှ အဖမ်းခံခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသားကြောင့် ဖခင်ဖြစ်သူက စိတ်အနှောက်အယှက်ဖြစ်နေပြီး အိပ်မရဖြစ်နေတာကို စောဒကတက်တာ သေနတ်သမားဖြစ်သူရဲက ကြားခဲ့ဖွယ်ရှိတယ်လို့ သူ့ရဲ့ဆွေမျိုးတွေက ပြောပါတယ်။

သေနတ်သမားလို့ သံသယရှိသူ ထိုင်းရဲကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများ ဖြင့် အမှုဖွင့်ထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုမျိုး ရာဇဝတ်မှုတစ်ခု ကျူးလွန်မယ်လို့ ဘယ်တော့မှ မတွေးဖူး ကြောင်း သေဆုံးသူရဲ့ချစ်သူ မာနီးလို့ခေါ်တဲ့ ထိုင်းအမျိုးသမီးက ပြောပါတယ်။

မြန်မာနိုင်ငံသားက ညနက်ချိန်အထိ မိုဘိုင်းဂိမ်းများ ဆော့လေ့ရှိသူဖြစ်သဖြင့် အခြားသူများကို အနှောက်အယှက်ဖြစ်စေနိုင်ပေမယ့် သေနတ်ဖြင့် ပစ်သတ်ခံရတဲ့အထိ ကျူးလွန်ထားတာမရှိဘူးလို့ ၎င်း က ပြောပါတယ်။

Ref: Bangkok Post
Ref; Police officer surrenders for fatal shooting at hospital

#Ayeyarwaddy_Times