ဧရာဝတီတိုင်းမ်
ဇွန် ၉ရက်

ချင်းညီနောင်အဖွဲ့အနေဖြင့် အာရက္ခတပ်တော်နှင့်လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျ ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ထံက သိရသည်။

ချင်းညီနောင်အဖွဲ့သည် စစ်အာဏာရှင်ပြုတ်ကျရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းနှင့်ရခိုင်ချစ်ကြည်ရေးကိုလည်း ယခုထက် ပိုခိုင်မာအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချင်းညီနောင်အဖွဲ့အစည်း၏ မဟာမိတ်ကောင်း၊ အိမ်နီးနားချင်းကောင်း ဖြစ်သည့် အာရက္ခတပ်တော်၏ ပြတ်သားသော စစ်ရေးနိုင်ငံရေး ရပ်တည်ချက်များ၊ စစ်သည်တော် ကျင့်ဝတ်များ၊ မဟာမိတ်ဆက်ဆံရေးမူဝါဒများကို ချင်းတော်လှန်ရေး အဖွဲ့အစည်းများ သာမက မြန်မာတစ်နိုင်ငံလုံးရှိ အခြားသော နွေဦး တော်လှန်ရေး အဖွဲ့များကလည်း အားကျအတုယူကြသည်မှာ အများအသိပင်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

စစ်ရှုံးစစ်ကောင်စီအနေဖြင့် မြေပြင်တိုက်ပွဲများတွင် ပြည်သူများကို စစ်ရာဇဝတ်မှု များအကြိမ်ကြိမ်ကျူးလွန်ပြီး လူမျိုးရေးပဋိပက္ခများကို မဟုတ်မမှန်ကောလာဟလ သတင်းများဖြင့် အချိန်ကိုက် လုပ်ကြံတိုက်ခိုက်နေခြင်းသည် အကြမ်းဖက်စစ်ကောင်စီကို အားပေးသော နိုင်ငံရေးလုပ်ကြံမှုဖြစ် ကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

ချင်းတော်လှန်ရေး အဖွဲ့များနှင့် အာရက္ခတပ်တော်တို့ အိမ်နီးနားချင်း၊ ဆွေမျိုးရင်းချာ ညီအစ်ကိုများသဖွယ် အသက်ထပ်တိုက်ပွဲဝင်နေကြစဉ်ကာလအတွင်း လက်တစ်ဆုပ်စာ လူများဖြင့်ဖွဲ့စည်းထားသည့် GKO ကဲ့သို့သော အဖွဲ့အစည်းများမှ မဟုတ်မမှန် သတင်းများ ထုတ်ပြန်နေမှုမှာ မှားယွင်းသောလုပ်ရပ်များဖြစ်သည်။

ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုမထိခိုက်စေရန် သတိထားကြရမည်ဖြစ်ကာ ပြည်သူများအနေဖြင့်လည်း နားမယောင်ကြဖို့ ချင်းညီနောင် အဖွဲ့က ဆိုသည်။

ယခုအချိန်တွင် ရန်သူက လူမျိုးရေးပဋိပက္ခများ၊ မမှန်သတင်းများဖြင့် လုပ်ကြံနေ သော်လည်း ချင်းညီနောင်အဖွဲ့အနေဖြင့် အာရက္ခတပ်တော်၏ အိမ်နီးနားချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး ၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တို့ပါဝင်ကြောင်း သိရသည်။

ပုံစာ-ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအပြီး ပြန်လာသည့် ချင်းတပ်ဖွဲ့များကို ပြည်သူများကြိုဆိုနေစဥ်

#စစ်အာဏာရှင် #ပြုတ်ကျရေး #ချင်းညီနောင်အဖွဲ့ #အာရက္ခတပ်တော် #လက်တွဲဆောင်ရွက် #Ayeyarwaddy_Times