ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီးရှိ မိကျောင်းလှောင်ရွာသစ်တွင် ပြီးခဲ့သည့် ဇွန် ၇ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီး ကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ဆန်ထိမှန်သူမှာ မိကျောင်းလှောင်ရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်သန်းဆင့်ဆိုသူ ဖြစ်ကြောင်း သိရသည်။

“ကလိန်အောင် အနီးအနားက ရွာတွေကို ညက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေကြတယ်။သူတို့ (စစ်ကောင်စီ) ပစ်လိုက်တဲ့ လက်နက်ကြီးက မိကျောင်းလှောင်း ရွာသစ်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နဲ့ခြေထောက်တို့ ထိသွားတယ်” ဟု မိကျောင်းလှောင်းရွာသစ် ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။

လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရသော ဒေါ်သန်းဆင့်ကို ညတွင်းချင်း ဆေးရုံသို့ ပို့ဆောင်ရန်လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ညပိုင်းအသွားအလာ ကန့်သတ်ထားတာကြောင့် ဇွန်လ ၈ ရက်နံနက်ပိုင်းတွင်မှ မောရဝတီ‌ ရေတပ်ဆေးရုံသို့ပို့ခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံကသိရသည်။

“ဒဏ်ရာရတာနဲ့ ချက်ချင်း ဆေးရုံကို ပို့ဆောင်ကုသဖို့ ကျွန်မတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ပိတ်ထားတယ်လေ။ဒါကြောင့် ဒီမနက်(ဇွန် ၈ ရက်)မှ အုန်းပင်ကွင်းရွာမှာ ရှိတဲ့ မောရဝတီ ရေတပ်ဆေးရုံသို့ ပို့ဆောင်လိုက်ရတယ်”ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇွန်လ ၇ ရက် နေ့ကလည်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယာဖူးရွာသစ်က လသားအရွယ်ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပုံစာ – လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရသော မိကျောင်းလှောင်းရွာသစ်က ဒေါ်သန်းဆင့်။

#ကလိန်အောင် #မိကျောင်းလှောင်ရွာသစ် #အမျိုးသမီးတစ်ဦး #စစ်ကောင်စီတပ်ပစ်ခတ် #လက်နက်ကြီးထိမှန် #ဒဏ်ရာရ #ဆေးကုသမှုခံယူ #Ayeyarwaddy_Times