ဧရာဝတီတိုင်းမ်
ဇွန် ၉ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထပ်မံဝင်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးက ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံသို့ ယနေ့ ဇွန် ၉ ရက်နေ့တွင် ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ဘင်္ဂလား‌ဒေ့ရှ် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ပို့ဆောင်ရာတွင် မြန်မာနိုင်ငံတွင် ပြစ်မှု အမျိုးမျိုးဖြင့် ထောင်သွင်းအကျဉ်းကျခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လဲလှယ်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောသည် ယမန်နေ့ ဇွန် ၈ရက်နေ့ညပိုင်းကတည်းက ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းရောက်ရှိစောင့်ဆိုင်းနေပြီး ယနေ့ ဇွန် ၉ ရက် နံနက် ၁၀နာရီဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကမ်းခြေ BIWTA ဆိပ်ခံတံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့နောက်ပိုင်းက မောင်တော တိုက်ပွဲများအတွင်း AA ၏ ထိုးစစ်ကို မခံနိုင်ဘဲ ထွက်ပြေးသွားကြသူများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော်ထွက်ပြေး၍ ဘင်္ဂလားဒေ့ရှ်က မြန်မာ ဘက်သို့ ပြန်ပို့ရသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ယောက်ကို ဘင်္ဂလားဒေ့ရှ်မှ ချင်းတွင်းစစ်သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ခေါ်ဆောင်လာပြီး အဆိုပါ တပ်သားများကို သံတွဲတိုက်ပွဲအတွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅ရက်နေ့ကလည်း တောင်ပြိုလက်ယာ၊ တောင်ပြိုလက်ဝဲ တိုက်ပွဲများတွင် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ဓာတ်ပုံ-Dhaka Tribune

ပုံစာ-ဇွန်၉ရက်နေ့ ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ ပြန်လည်ပို့ဆောင်ခံရသည့် စစ်ကောင်စီတပ်သားများ

#စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ဘင်္ဂလားဒေ့ရှ်ထွက်ပြေး #ပြန်ပို့ခံရ #၁၃၄ဦး #Ayeyarwaddy_Times