ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၉ ရက်)
မိုးရာသီ ဝဿန်ကာလ ရောက်ပါပြီ။ ဒီကာလမှာတော့ “ဇွန် ၊ ဇူလိုင်မှာရွာတဲ့ မိုးဖွဲလေးများမစဲသလို” သီချင်းလေးအတိုင်း နေ့စဉ်တိုင်းလိုလို မိုးဖွဲဖွဲကျတတ်ပါတယ်။ ပတ်ဝန်းကျင်စိုထိုင်းစများလာခြင်းကြောင့် မိုးစက်တွေနဲ့အတူ မှိုတွေလည်းပေါက်ဖွား ရှင်သန်လာပါတယ်။
မျက်စိနဲ့ မြင်ရတဲ့မှိုကြီးအမျိုးအစား ကောက်ရိုးမှို၊ တောင်ပို့မှို၊ စားလို့ကောင်းတဲ့ အင်ဥ မှိုတွေ သာမကဘဲ မျက်စိနဲ့မြင်ဖို့ရာသေးငယ်လွန်းတဲ့ မှိုသေးသေးလေးတွေလည်း ပေါက်ဖွားချိန်ဖြစ်တာမို့ ယခုလို မိုးဦးကျချိန်မှာ မှိုနှင့်ဆိုင်တဲ့ကျန်းမာရေး ပြဿနာ လေးတွေ သိထားဖို့ လိုလာပါတယ်။
စားစရာမှိုလားအဆိပ်ရှိမှိုလား
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ့်နှစ်လ ရာသီလုံးမှို ရနိုင်ပေမယ့် အခုလို မိုးကာလ သဘာ၀ အလျောက် ပေါက်ရောက်တဲ့ မှိုပေါ်ချိန်မှာ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ပြုံးစေ့စေ့နဲ့ သဘောတွေ့ မနောခွေ့လာတာကိုပင် “မှိုရတဲ့မျက်နှာ” ဆိုပြီး တင်စားကြပါသေးတယ်။
နယ်ဘက်တွေမှာလည်း တောအစပ် မှိုချိုးမျှစ်ချိုးဖို့ထွက်ကြပါတယ်။ မိုးဦးကျမှာလည်း အင်ဥတူးဖို့ တောထဲဝင်ကြပါတယ်။ မှိုတွေ၊ အင်ဥတွေကိုလည်း ဈေးကြီးကြီးနဲ့ ရောင်းကြပါတယ်။
စိုက်ပျိုးရေးခြံမှာစိုက်ထားပြီး စနစ်တကျမှိုမွေးမြူရေးလုပ်ထားတဲ့မှိုတွေကို စားမယ်ဆိုရင် စိတ်ချရပေမယ့် အမျိုးအမည်မသိမှိုကို တွေ့တဲ့အခါ စားလို့ရလား အဆိပ်ရှိလား ခွဲခြားဖို့ ခက်ခဲပါတယ်။ အပြင် ပန်းပုံသဏ္ဍာန်ကိုကြည့်ပြီး စားသင့်တဲ့မှို ဆိုပြီး မကျိန်းသေပါက တိတိပပမခွဲခြားနိုင်ပါက မစားသင့်တဲ့မှိုရယ် အဆိပ်ရှိတဲ့မှိုလို့သာ သတ်မှတ်ရပါမယ်။
မှိုအဆိပ်သင့်ခြင်း ( Mushrooms poisoning)
မှိုစားပြီးအဆိပ်သင့်ကြတဲ့ အဖြစ်အပျက်တွေကို နှစ်စဉ်တွေ့နေရပါတယ်။ မှိုအဆိပ်သင့် တယ်ဆိုတာက အဆိပ်ရှိမှိုကို စားမိသူတွေအားလုံးဖြစ်ကြပါတယ်။ မှိုဆိပ်တက်လာပါက အမြင်ဝေဝါးပြီး သတိလစ်တတ်တာနဲ့ တစ်မိသားစုလုံး အော့အန် ဗိုက်နာ မူးဝေ အားနည်းတာတွေမှ စပြီး သေဆုံးသည်အထိတောင် ဆိုးရွားတတ်ပါတယ်။
မှိုအဆိပ်မိပါက ခံစားနေရတဲ့ဝေဒနာတွေကို သက်သာစေဖို့အတွက် ဆေးရုံတင်ကုသ ဖို့သာ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ ပြင်းထန်လက္ခဏာတွေရဲ့ ဆန့်ကျင်ဘက် အာနိသင်ရှိတဲ့ ဆေးတွေပေးကာ စောင့်ကြည့်ကုသရပါတယ်
တွေ့တာနဲ့ ရှောင်ရမယ့် အန္တရာယ်ရှိသောမှိုများကတော့ တောက်တောက်ပပ အရောင်ရှိ တတ်ပါတယ်။ နီနီရဲရဲ၊ လိမ္မော်ရောင်၊ အဝါရောင် ရှိတဲ့မှိုတွေကိုရှောင်ရှားသင့်ပါတယ်။ အရောင်တောက် တောက်ပပမရှိဘဲ သေစေလောက်တဲ့ မှိုတွေလည်းရှိနေတတ် ပါသေးတယ်။ အဆိပ်ရှိတဲ့မှိုတွေကို အင်းဆက်ပိုးမွှားတွေ တိရစ္ဆာန်လေးတွေက ရှောင်ရှားတတ်ကြပါတယ်။
အဆိပ်နှင့် ငွေဇွန်းထိတွေ့ပြီး အရောင်မည်းသွားတတ်ကြောင်း တရုတ်နဲ့ကိုရီးယား နန်းတွင်းရုပ်ရှင်တွေမှာပြသတတ်သလို မှိုအဆိပ်အချို့က ငွေကိုအမည်းရောင် ပြောင်းစေပါတယ်။ ငွေကိုအမည်းရောင်မပြောင်းတဲ့ မှိုအဆိပ်တွေလည်းရှိနေပါတယ်။
အဆိပ်ရှိတဲ့မှိုတွေက အရသာဆိုးတယ်ပြောကြပေမယ့် အဆိပ်အပြင်ဆုံး “အမနိတ-Amanita” မှိုဆိပ်သင့်ပြီး ဆေးရုံတင်ကုသပြန်ရှင်လာသူတွေကတော့ အရသာ ဆိုးရွားခြင်းမရှိဘဲ စားလို့ကောင်းကြောင်း ဖြေကြားခဲ့ကြပါတယ်။
ချာနိုဘိုင်း နျူကလိယဗုံးပေါက်ကွဲမှုကြောင့် နှစ်တွေကြာတာတောင် အနီးတစ်ဝိုက် ဒေသ တွေမှာပေါက်တဲ့မှိုများအတွင်းမှာတောင် ရေဒီယိုသတ္တုကြွကြောင်း ရှာဖွေတွေ့ရှိခဲ့ ရပါတယ်။
စားသုံးရန်မသင့်တဲ့အဆိပ်မှိုအချို့က စိတ်အာရုံကိုထွေပြားစေတတ်ပါတယ်။ မှိုကိုစား စိတ်လွတ်အသိကင်းကွာ လိင်စိတ်တက်ကြွစေပြီး ပျော်ပါးကြဖို့အတွက် မှော်ဝင် ပဉ္ဓလက်မှို (Magic Mushroom) ဆိုပြီး စားသုံးကာ ပျော်ပါးကြသူတွေလည်း ရှိကြပါတယ်။ မှိုအဆိပ်နဲ့ပျော်နေကြသူများလို့သာ သတ်မှတ်ရမှာဖြစ်ပါတယ်။
မိုးဦးကျ အဝတ်အစားများမှိုစွဲခြင်း
စိုထိုင်းဆများတဲ့ မိုးတွင်းမှာ အဝတ်အစားတွေမှိုစွဲခြင်းကြုံရတာကြောင့် စိတ်ညစ် ရပါတယ်။ မိုးရေဆိုသွားတဲ့အဝတ်အစားတွေရဲ့ ချေးညော်တွေမှာ မှိုသေးသေးလေး တွေပေါက်လာပြီး အရောင်စွန်းထင်းကျန်ခဲ့ခြင်းကို အားလုံးစိတ်ညစ်ကြမှာပါ။ ဖားဥမှိုစွဲ ထင်တယ်လို့အလွယ်ပြောကြပါတယ်။
လျှော်ဖွတ်သန့်စင်ထားတဲ့ အဝတ်အစားတွေမခြောက်သွေ့ဘဲ အောက်သိုးသိုး အနံ့ ဆိုးထွက်လာတတ်ပါတယ်။ မှိုနှင့် ဘတ်တီးရီးယားတွေ ပေါက်ဖွားပြီး ဖြစ်လာတာကြောင့် နောက်တစ်ကြိမ် ထပ်မံလျှော်ဖွတ်အခြောက်ခံဖို့ လိုအပ်ပါတယ်။
စိုထိုင်းဆမှိုနှင့်အရေပြားပြဿနာ
ရွာခါစမိုးရေနဲ့ထိတွေ့မှုကြောင့် မိုးရေအတွင်းပါလာသောဓာတ်ပစ္စည်းများနဲ့ထိတွေ့မိပြီး ခန္ဓာကိုယ်အရေပြား ယားယံခြင်း အင်ပြင်ထခြင်းတွေ ကြုံရနိုင်ပါတယ်။ စိုထိုင်းဆများခြင်းကြောင့် အရေပြားပေါ်တွင်မှိုရောဂါများ ကူးစက်ဖြစ်ပွားတတ်ပြီး ယားယံခြင်း အဖုအပိမ့်ထခြင်း အကွက်အကွက်များဖြစ်လာခြင်းတွေလည်း ကြုံရနိုင်ပါတယ်။
မိုးများပြီး မြစ်ရေတတ်ခြင်းများ၊ ရေကြီးရေလျှံခြင်း တွေကြောင့်လည်း မှိုများပေါက်ဖွားဖို့အခြေနေများကို ဖြစ်စေပါတယ်။ ဆပ်ပြာကိုစနစ်တကျသုံးပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပေးရပါမယ်။အရေပြားပြဿနာများဖြစ်ပေါ်လာခဲ့ပါက ရှက်ကြောက်ခြင်းရှိနေဘဲ တက်ကျွမ်းနားလည်တဲ့ ဆရာဝန်များကို တိုင်ပင်ကြဖို့ လိုအပ်ပါတယ်။
ယခုနှစ်မိုးတွင်းမှာ စာဖတ်ပရိသတ်များလည်း မှိုရောဂါတွေမှကင်းရှင်းကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ နောက်တစ်ပါတ်မှာ အမျိုးသားဟော်မုန်းအကြောင်း ဆက်လက်ပြီး ဖော်ပြမှာ ဖြစ်တာကြောင့် စောင့်မျှော်ပေးကြပါဦး။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မိုးရာသီနဲ့ မှိုဆိပ်သင့်အန္တရာယ် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)