
မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းခံရသည့်သူများ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးနေပြီး မည်သည့်ခံစားခွင့်မျှ ရရှိခြင်းမရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသည့် လူငယ်လူရွယ်များကို သင်တန်းအမှတ်စဉ် မပြီးဆုံးခင်တွင်ပင် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေပြီး တိုက်ပွဲအတွင်းသေဆုံးသူ များကို မည်သည့် ခံစားခွင့်မှ ပေးအပ်ခြင်းမရှိကြောင်း သိရသည်။
“အဲဒီကလေးက မတ္တရာဘက်ကို အလွှတ်ခံရတာ။ မတ္တရာရှေ့တန်းကိုပါသွားတာ။ အဲဒီမှာ တိုက်ပွဲကျတော့ မိသားစုကို အကြောင်းကြားတယ်။ သူ့လစာနဲ့ တခြားခံစားခွင့် တွေအတွက် မိသားစုဆက်သွယ်တော့ ရှေ့တန်းမှာ သင်္ဂြိုဟ်တာ နှစ်သိန်းခုနစ်သောင်း ကျတယ်ပြောတယ်။ လစာနှစ်သိန်းနုတ်လိုက်ရင် ခုနစ်သောင်းကို မိသားစုက လွှဲပေး ရမယ်ဆိုပြီး ထပ်တောင်းခံရတယ်”ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းအာဏာတည်စေပြီး မတ်လ အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူငယ်များကို စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး တပ်သားသစ်စုဆောင်းပြီး ဧပြီလဆန်းတွင် စစ်သင်တန်းများပေးခဲ့သည်။
စစ်ကောင်စီက စစ်သင်တန်းကာလ ၁၂ ပတ် ဟုသတ်မှတ်ထားသော်လည်း စစ်သင်တန်းတက်ရန် စုဆောင်းထားသည့် လူငယ်များကို စစ်သင်တန်းမပြီးဆုံးခင်ပင် ရှေ့တန်း စစ်မြေပြင်များသို့ အတင်းအကျပ်စေလွှတ်ခံရမှုများ ရှိကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ကချင်၊ စစ်ကိုင်း၊ မန္တလေး တိုင်း၊ ကရင်နီ၊ ကရင်နှင့် ရခိုင်ဒေသများသို့ သင်တန်း သားသစ်များကို အတင်းအကျပ် အင်အားဖြည့်ပို့ ဆောင်ပြီးနောက် သေဆုံးမှုများကို စစ်ကောင်စီက မည်သည့်တာဝန်ယူမှုမျှ မရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ် စစ်တွေနှင့် ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှနေ၍ မူဆလင် လူငယ်များကို ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်း စသည့်တိုက်ပွဲပြင်းထန်နေသည့် နေရာများသို့ ရက်တို စစ်သင်တန်း ပေးပြီး အတင်းအကျပ်ပို့ဆောင်ထား သည့်အတွက် သေဆုံးမှုများပြားလျက်ရှိကြောင်း သိ ရသည်။
“သားကို အလုပ်ထဲကနေ သူတို့သင်တန်းဆိုတဲ့နေရာကိုခေါ်သွားတာ။ ပြီးတော့ ရက်ပိုင်းအတွင်း ပဲခူးတိုင်းထဲ ပို့လိုက်တာ။ တင့်ကားကို လုံခြုံရေးစောင့်ရင်း မိုင်း ထိသွားတာ။ သေတော့မူဆလင်လူမျိုးခြား၊ မှတ်ပုံ တင်လည်းမရှိဘူးဆိုပြီး ဘာခံစားခွင့်မှ မရဘူး။ သေတယ်ဆိုတာတစ်ခုပဲ အကြောင်းကြားခံရတာ”ဟု ရန်ကုန်မြို့အတွင်းမှ စစ်မှုထမ်းရန် စုဆောင်းခံရသည့် မိသားစုဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တပ်သားသစ်စုဆောင်းရာတွင် လစာ၊ ပင်စင်၊ သေပင်စင်နှင့် သက်စွန့် စရိတ်များအပါအဝင် စစ်မှုထမ်းခံစားခွင့်များကို အပြည့်အဝပေးမည်ဟု ပြောဆို စုဆောင်းခဲ့သော်လည်း ယခုသေဆုံးမှုများကို မည်သည့်တာဝန်ယူမှုမျှမရှိကြောင်း သေဆုံးသူမိသား စုဝင်များထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီက ပထမသုတ်စစ်သင်တန်း စု ဆောင်းထားသူများထဲမှ အင်အား ၄၀၀၀ ခန့်ကို တိုက် ပွဲအပြင်းထန်ဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း တပ်တွင်းသတင်းရင်း မြစ်က ဆိုသည်။
ယခုလက်ရှိတွင် အမှတ်စဉ် (၂) အတွက် သင်တန်းပေး နေပြီး အမှတ်စဉ် (၃) အတွက် သင်တန်းသားများ အသင့်စုဆောင်းပြီးကြောင်း စစ်တပ်ထောက်ခံဝါဒ ဖြန့်ချန်နယ်များမှ ဖော်ပြထားသည်။
စစ်ကောင်စီက စစ်သင်တန်းတစ်သုတ်လျှင် သုံးလ အကြာသင်တန်းပေးမည်ဟုဆိုကာ ဧပြီလတွင်သင်တန်းစတင်ကာ ဇွန်လ နောက်ဆုံးပတ် သို့မဟုတ် ဇူလိုင်လဆန်းတွင်မှ သင်တန်းအမှတ်စဉ် (၁) ပြီးဆုံးမည်ဖြစ်သော်လည်း ယခုအခါတွင် အမှတ်စဉ် (၃) အတွက် အဆင်သင့်ပြင်ဆင်နေပြီ ဖြစ်သောကြောင့် ရက်တိုသင်တန်းများပေးကာ ရှေ့တန်း စေလွှတ် နေသည်မှာ မှန်ကန်သည့် အချက်အနေဖြင့် တွေ့ရသည်။
ပုံစာ – စစ်မှုထမ်းဥပဒေ အပတ်စဉ် ၃ အတွက် တပ်သားသစ်စု ဆောင်းခံထားရသည့်သူများ
#စစ်မှုထမ်း #ဥပဒေ #အပတ်စဉ် ၁ #သင်တန်းသားများ #ရှေ့တန်းပို့ခံရ #သေဆုံး #ခံစားခွင့်မရ #Ayeyarwaddy_Times