ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

သောကြာနေ့အစောပိုင်းက ထိုင်းနိုင်ငံ၊ Muang ခရိုင်ရှိ အစိုးရဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားလူနာတစ်ဉီး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်စဉ်ဟာ Khon Kaen ဆေးရုံ၊ အမျိုးသားခွဲစိတ်ဆောင်မှာ ဖြစ်ပွားခဲ့ပြီး မ နက် ၁ နာရီခန့်မှာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ယော့ဆာ ဝပ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းပညာရှင်တွေက အခင်းဖြစ်ရာနေရာကို သွားရောက်ရာမှာ မြန်မာနိုင်ငံ သား အသက် ၂၉ နှစ်အရွယ် ကျော်စွာဝင်းကို ဆေးရုံပဉ္စမထပ်က အခန်းတစ်ခုအတွင်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေက ကျော်စွာဝင်းကို ဆေးကုသပေးဖို့ အရေးပေါ်ခွဲစိတ်ခန်းသို့ ရွှေ့ပြောင်းခဲ့ ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကျော်စွာဝင်းကို ခွဲစိတ်ကုသဖို့ ဗုဒ္ဓဟူးနေ့က ဆေးရုံတင်ခဲ့တာလို့ သူ့ရဲ့ချစ်သူ အမည်မဖော်လိုတဲ့ ထိုင်းလူမျိုး အမျိုးသမီးက ပြောပါတယ်။

၎င်းတို့နှစ်ဦးဟာ Khon Kaen ခရိုင်ရှိ ငါးဖမ်းပိုက်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိပြီဖြစ်ကာ အခန်းငှားနေခဲ့တာဖြစ်ပါတယ်။

ကျော်စွာဝင်းဟာ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဖူးကြောင်း၊ စက်ရုံရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံမှ ဘတ် ၁၂၀၀၀ ချေးခဲ့ပြီး အာမခံအဖြစ် ငွေချေးသူကို သူ့ရဲ့ ATM ကဒ် ပေးထားခဲ့တယ်လို့ ထိုင်းအမျိုးသ မီးက ပြောပါတယ်။

ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဟာ သောကြာနေ့က ကျော်စွာဝင်းရဲ့ အသားပိုကို ဖယ်ရှားမယ့် ခွဲစိတ်မှုပြုလုပ်တော့မယ့်အချိန်မှာ ပစ်သတ်ခံခဲ့ရတာလို့ ၎င်းက ဆိုပါတယ်။

သေနတ်သမားက ဧည့်သည်အဖြစ် ဟန်ဆောင်ကာ ကျော်စွာဝင်းရှိတဲ့အခန်းနေရာအား သူနာပြု တစ်ဦးကို မေးမြန်းကာ အခန်းအတွင်းဝင်ရောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ချက်ချင်းဆိုသလို ထွက်ပြေး သွားခဲ့တာလို့ ရဲမှူးကြီး ယော့ဆာဝပ်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ဟာ CCTV ရုပ်သံပြကွက်တွေကို စစ်ဆေးပြီး သံသယရှိသူနဲ့ပတ်သက်တဲ့ သဲလွန်စ တွေ ရှာဖွေဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သေဆုံးသူ လုပ်ကိုင်နေတဲ့ စက်ရုံ မှာ အလုပ်လုပ်နေတဲ့ သံသယရှိတဲ့ မြန်မာနိုင်ငံသားဟာ အခြားနေရာကို ထွက်ပြေးသွားပြီလို့ ယူဆရပါ တယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar patient shot dead on hospital ward

#Ayeyarwaddy_Times