စစ်ဝေးသော်/ဧရာ၀တီတိုင်းမ်
ဇွန်လ ၈ ရက်
မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ သွေးသစ်ဝင်းလှိုင်ဟာ ဇွန်လ ၇ ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ONE Friday Night ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။
အံ့အားသင့်ဖွယ်ရာလို့ ဘာကြောင့်သုံးနှုန်းရသလဲဆိုတော့ သွေးသစ်ဝင်းလှိုင်လို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဖိုက်တာတယောက်က ခွန်ဆက်ဆိုတဲ့ အလယ်အလတ်အဆင့် မွေ့ထိုင်းဖိုက်တာကို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ သွေးသစ်ဟာ ခွန်ဆက်ရဲ့ ခြေကန်ချက်၊ ဒူးပျံနဲ့ တံတောင်ရိုက်ချက်တွေကြောင့် အမှတ်စဉ် ၂ ကြိမ် ရေတွက်ခံခဲ့ရသလို နဖူးကွဲပြီး သွေးတွေလည်း ထွက်ခဲ့ပါတယ်။ အမှတ်နဲ့ရှုံးခဲ့ပြီး အလဲထိုးနဲ့ မရှုံးခဲ့တာကိုဘဲ ကံကောင်းမှု တစ်ခုအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။
ချန်ပီယံ သွေးသစ်ဝင်းလှိုင် ခွန်ဆက်ကို ဘာကြောင့် ရှုံးနိမ့်ခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။
ပထမဆုံးအချက်ကတော့ သွေးသစ်ဝင်းလှိုင်မှာ ပြည်ပအတွေ့အကြုံ မရှိခြင်း ဖြစ်ပါတယ်။ သွေးသစ်ဟာ သူ့ကစားသမားဘ၀ သက်တမ်းတလျှောက် ထိုးသတ်ခဲ့တဲ့ ၉၄ ပွဲစလုံးကို ပြည်တွင်းမှာပဲ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖိုက်တာရဲ့ ရေမြေ၊ ပြိုင်ဘက်ပရိတ်သတ်တွေရှေ့မှာ ထိုးသတ်ဖူးတဲ့အတွေ့အကြုံ လုံး၀မရှိသေးပါဘူး။
ယခင်က မွေ့ထိုင်းဖိုက်တာတွေနဲ့ ထိုးသတ်ရတာက ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိတ်သတ်၊ ကိုယ့်ရိုးရာလက်ဝှေ့ကို ထိုးရတာမို့ အဘက်ဘက်က အသာစီးရတဲ့အခြေအနေပါ။ ပွဲမစမီကတည်းက ပြိုင်ဘက်ထက် တပန်းသာပါတယ်။
အခုက ထိုင်းမြေထိုင်းကွင်း၊ ထိုင်းပရိတ်သတ်ရှေ့မှာ ထိုင်းဖိုက်တာကို မွေ့ထိုင်းနည်းစနစ်နဲ့ ထိုးသတ်ရတဲ့ပွဲ ဖြစ်ပါတယ်။ အဲ့လိုအခြေအနေတွေက ပြည်ပအတွေ့အကြုံ လုံး၀မရှိသေးတဲ့ မြန်မာ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်အတွက် ဖိအားတွေ အင်မတန်များစေပါတယ်။
ဒါကြောင့်မို့ မနေ့ကပွဲစဉ်မှာ သွေးသစ်ဝင်းလှိုင်ဟာ ယခင်က သွေးသစ်ဝင်းလှိုင်မဟုတ်ဘဲ လူသစ်တယောက်လို့ ထင်ရလောက်တဲ့အထိ ယုံကြည်မှုပျောက်ဆုံးခဲ့တယ်။ ပွဲကြောင်ပြီး သတ်လုံးသတ်ကွက်ပျောက်ဆုံးကာ ရှုံးပွဲကြုံသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ သွေးသစ်ဝင်းလှိုင်ရဲ့ ကစားဟန်နဲ့ မွေ့ထိုင်းနည်းစနစ်၊ ONE Championship စတိုင်နဲ့ မကိုက်ညီခြင်းကြောင့် ဖြစ်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့မှာ အမှတ်ပေးစည်းမျဉ်းရှိပေမယ့် မဖြစ်မနေ အနိုင်အရှုံးအဖြေထုတ်ရမယ့် ချန်ပီယံခါးပတ်လုပွဲတွေနဲ့ အောင်လံလုပွဲတွေမှာသာ သုံးကြပါတယ်။ ရိုးရိုးစိန်ခေါ်ပွဲတွေမှာက ပြိုင်ဘက်ကို အလဲထိုးနိုင်မှ အနိုင်လို့သတ်မှတ်ပါတယ်။ ပြိုင်ဘက်ဟာ မရှုံးအောင် နည်းမျိုးစုံနဲ့ ပွဲပြီးတဲ့အထိ တောင့်ခံနိုင်ရင် ပူးတွဲသရေ သတ်မှတ်ပါတယ်။
မွေ့ထိုင်းမှာက အနိုင်အရှုံးအတွက် အမှတ်ပေးစည်းမျဉ်း အဓိကသုံးပါတယ်။ ခြေကန်ချက်၊ လက်သီးချက်၊ တံတောင်ရိုက်ချက်၊ ဒူးတိုက်ချက် စသဖြင့် တိုက်ခိုက်မှုတိုင်းကို အမှတ်ပေးပါတယ်။ မြန်မာ့လက်ဝှေ့မှာလို အသာစီးရနေတဲ့ပြိုင်ဘက်ကို မရှုံးချင်တာနဲ့ ကွင်းထဲပတ်ပြေး၊ လှဲချပြီး သရေပွဲယူလို့ မရပါဘူး။ ထိုးသတ်မှုအသာစီးရသူကို ဒိုင်တွေက အမှတ်နဲ့ အနိုင်ပေးမှာပါ။ ပတ်ပြေးပြီး လှချနေရင်လည်း ကြိုးဝိုင်းဒိုင်က အရှုံးအဖြစ် သတ်မှတ်မှာပါ။
အခုလိုပြောလို့ မြန်မာ့လက်ဝှေ့နဲ့ မွေ့ထိုင်း ဘယ်ဟာက ပိုကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းရဲ့ အမွေအနှစ် ရိုးရာအားကစားနည်းတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ပြိုင်ပွဲ အခြေခံစည်းမျဉ်းကွာခြားချက်ကို ရှင်းပြခြင်းသာ ဖြစ်ပါတယ်။
သွေးသစ်ဝင်းလှိုင်ရဲ့ကစားဟန်က ပြိုင်ဘက်ကို ပထမအချီမှာ အကဲခတ်ပြီး အားနည်းချက် ရှာဖွေပါတယ်။ ဆိုင်ထိုးပြိုင်ထိုးတာမျိုး မလုပ်ဘဲ ပြိုင်ဘက်အဝင်ကို စောင့်ပြီး တန်ပြန်တိုက်စစ် ကောင်တာ ကစားသူ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့မှာ သွေးသစ်ဟာ ပထမတန်းလက်ဝှေ့ကျော်ဖြစ်လို့ ထိုးသမျှပွဲတိုင်းဟာ ၅ ချီစိန်ခေါ်ပွဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကို အကဲခတ်ဖို့၊ အားနည်းချက်က်ရှာဖွေဖို့ အချိန်လုံလောက်သလို ပြိုင်ဘက်က ဒေါသတကြီး လိုက်ထိုးလေ သွေးသစ်အတွက် အနိုင်ယူဖို့ အခွင့်သာလေ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်နိုင်တဲ့ ကောင်တာပလေယာ ဖြစ်တာကြောင့် ရိုးရာလက်ဝှေ့မှာ သွေးသစ်ဝင်းလှိုင်ကို အနိုင်ယူဖို့ အင်မတန် ခက်ခဲပါတယ်။
မနေ့က သွေးသစ်ထိုးတဲ့ပြိုင်ပွဲဟာ အမှတ်ပေးစနစ်အောက်မှာ ၃ ချီသာ ထိုးသတ်ရတဲ့ မွေ့ထိုင်းပြိုင်ပွဲ ဖြစ်ပါတယ်။ ပွဲစီစဉ်သူ ONE Championship ဟာ ဖိုက်တာတွေကို ဆိုင်ထိုးပြိုင်ထိုးစေပြီး ပရိတ်သတ်တွေကို ဖျော်ဖြေမှုပေးတဲ့ တိုက်ခိုက်ရေးဖျော်ဖြေမှု အားကစားပြိုင်ပွဲ ဖြစ်ပါတယ်။
တန်ပြန်တိုက်စစ် ကောင်တာကစားတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ကစားဟန်က မွေ့ထိုင်းစတိုင်၊ ONE Championship စတိုင်နဲ့ ကိုက်ပါ့မလားဆိုတဲ့ အချက်ကို မြန်မာ့ရိုးရာလက်ဝှေ့ ကျွမ်းကျင်သူတွေက ပွဲမစခင်ကတည်းက စိုးရိမ်တကြီး ဆန်းစစ်သုံးသပ်ခဲ့ကြပါတယ်။
ထင်ထားသလိုပါပဲ။ ခွန်ဆက်နဲ့ထိုးတဲ့ပွဲစဉ်မှာ သွေးသစ်ဝင်းလှိုင်ရဲ့ကစားဟန်က အမှတ်ပေးစည်းမျဉ်းနဲ့လုပ်တဲ့ မွေ့ထိုင်းစတိုင်၊ ဆိုင်ထိုးပြိုင်ထိုးတာကို အသားပေးတဲ့ ONE Championship ရဲ့စတိုင်နဲ့ မကိုက်ညီဘူးဆိုတာ ထင်ရှားခဲ့ပါတယ်။
တတိယအချက်ကတော့ သွေးသစ်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို ရင်ဆိုင်ဖို့ ကစားပွဲဗျူဟာ Game Plan ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကတော့ ရှုံးနိမ့်ရခြင်းရဲ့အဓိကအချက်လို့ ဆိုနိုင်ပါတယ်။
ခွန်ဆက်ရဲ့ကစားဟန်က မွေ့ထိုင်းဖိုက်တာတွေရဲ့ ထုံးစံအတိုင်း ဝေးနေရင်ကန်မယ်၊ လူချင်းပူးရင် ဒူးတိုက်မယ်၊ တံတောင်ရိုက်မယ်ဆိုတဲ့ပုံစံနဲ့ပဲ တိုက်ခိုက်တာပါ။ အဓိကတော့ ဘယ်ညာ ခြေကန်ချက်တွေကို အားပြုကစားသူပါ။ ကစားဟန်က ထိပ်တန်းအဆင့်မှာ ရှိမနေပါဘူး။
ခြေကန်ချက် အားပြုလာမှာကို သိလျှက်နဲ့ ပထမအချီမှာ ခွန်ဆက်ရဲ့ကန်ချက်တွေ အလူးအလဲခံနေရတာ၊ ပြိုင်ဘက်က တဖြောင်းဖြောင်းနဲ့ကန်နေချိန် တန်ပြန်တိုက်စစ် မဆင်နိုင်တာတွေဟာ သွေးသစ် ဒီပွဲအတွက် အိမ်စာသေချာလုပ်မလာဘူးဆိုတာ ထင်ရှားပါတယ်။
ဒီလို တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ ပြင်ဆင်မှုအားကောင်းသူ၊ ကစားပွဲဗျူဟာ – Game Plan ကောင်းတဲ့လူက အသာရစမြဲပါပဲ။ မွေ့ထိုင်းထိပ်တန်းနည်းပြတွေနဲ့ သေချာလေ့ကျင့်ထားပြီး သွေးသစ်ရဲ့ထိုးသတ်ဟန်ကို ကောင်းကောင်း လေ့လာပြင်ဆင်လာခဲ့တဲ့ ခွန်ဆက်က ထိုက်ထိုက်တန်တန် အနိုင်ရသွားတယ်လို့ ဆိုရမှာပါ။
ဒါဟာ သွေးသစ်ဝင်းလှိုင်ဘ၀မှာ ထိုင်းဖိုက်တာတယောက်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လက်ဝှေ့သမား သက်တမ်းတလျှောက် ဒုတိယမြောက်ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
#Ayeyarwaddy_Times #ရိုးရာလက်ဝှေ့ #ချန်ပီယံ #သွေးသစ်ဝင်းလှိုင် #onechampionship