ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၈ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ယာဖူးရွာသစ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များသည် ဇွန် ၇ ရက်နေ့ မွန်းလွဲ ၂နာရီ၃၀ မိနစ်ခန့်က ယာဖူးရွာသစ်ရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယာဖူးရွာသစ်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲခဲ့ကာ ဒေသခံမိသားစုဝင် သုံး ဦးသေဆုံးပြီး ဆယ်ကျော် သက် ကလေးငယ် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း မိသားစု နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တစ်ခြမ်းမီးလောင်ကာ မိသားစုဝင်သုံးဦးဖြစ်တဲ့ ဦးအောင်အောင်၊ ဒေါ်လားဝါးထူးနဲ့ လသားအရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး ဆယ်ကျော်သက် ကလေးငယ်နှစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့မိသားစု သုံးဦးစလုံးက အိမ်ပေါ်မှာပဲနေနေကြတာ။ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ရမ်းသန်းပစ်ခဲ့လို့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီးသေသွားတယ်။ အဖေဖြစ်သူနဲ့ သမီးဖြစ်သူက နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ အမေဖြစ် သူကတော့ ဆေးရုံကိုပို့ရင်း လမ်းခုလတ်မှာဆုံးသွားတယ်။ နေအိမ်တစ်ခြမ်းလည်း လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးသွားတယ်။ ပြီးတော့အခြား အိမ်တွေက ဆယ်ကျော်သက် ယောင်္ကျားတစ်ဦးနဲ့ မိန်းကလေးတစ်ဦးလည်း လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်။ အခုတော့ ကလိန်အောင် မြို့ဆေးရုံမှာ ဆေးကုသမှု ခံယူ နေရတယ်” ဟု ယာဖူးရွာသစ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဲဒီပစ်ခတ်မှုကြောင့် လက်ရှိအချိန်တွင် ယာဖူး ရွာသစ်ရှိ ဒေသခံများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲသည် ၁နာရီ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်မှု အခြေ အနေအသေးစိတ်ကိုတော့ ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည် မပြုနိုင်ခြင်းမရှိပေ။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုင် ၆၀ ကျေးရွာ သို့ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်ပေါ်မှ ပစ္စည်းအများအပြားတွေကို ယူဆောင် သွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

“စစ်တပ်က လူမရှိတဲ့နေအိမ်အပေါ်ကနေ ပစ္စည်းတွေကို ဝင်ယူသွားတယ်။ တန်ဖိုးကြီး တဲ့ ပစ္စည်းတွေလည်း အများကြီးပါသွားတယ်။ ဆီဘူးတွေက အစယူတယ်ရှင့်။ ကျန်တဲ့ ပစ္စည်းတွေဆို မပြောနဲ့တော့။ အိမ်ပေါ်ကို စစ်ဖိနပ်တွေနဲ့တက်ကြတယ်။ သူတို့ (စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေရဲ့ ဖိနပ်အရာတွေပါကျန်သွားတယ်”ဟု မိုင် ၆၀ ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သော မေလ ၁၅ ရက်နေ့ကလည်း မောရဝတီရေတပ်က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော် သက် မောင်နှမ နှစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပုံစာ- စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မိသားစုဝင်သုံးဦး နှင့် ပျက်စီးသွားသောနေအိမ်။

#ကလိန်အောင်မြို့ #ယာဖူးရွာသစ်တိုက်ပွဲ #စစ်ကောင်စီတပ် #လက်နက်ကြီးဖြင့်ပစ်ခတ် #နေအိမ်ကျရောက်ပေါက်ကွဲ #မိသားစုဝင်၃ဦးသေဆုံး #Ayeyarwaddy_Times