
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
စစ်ကောင်စီကကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်း အတာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို သတ်မှတ်ရက်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားရန် စီစဉ်နေပြီး ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်လည်း စစ်ကောင်စီခန့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌက ရက်တိုးကောက်မည့်ကိစ္စ ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားကြရန် လိုအပ်သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ဆိုသည်။
“လက်ရှိအခြေအနေမှာ သန်းခေါင်စာရင်းကောက်မယ့်ကိစ္စဟာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့ အကျိုးအကြောင်းတွေ အများကြီးရှိတယ်။ နံပတ်တစ် အချက်ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေပါ။ ကောက်တဲ့သူအတွက်ရော၊ အကောက်ခံရမယ့် သူတွေအတွက်ရော လုံးဝကောက်လို့မရတဲ့ အခင်းအကျင်းပေါ့” ဟု နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးကူညီပေးခဲ့သော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီ ကောက်ယူရန် ကြိုးပမ်းနေသည့် သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ ပြည်တွင်းအင်အား ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် လက်ရှိစိန်ခေါ်မှုများ၊ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် စစ်ခေါင်းဆောင်က မကြာခဏ ထည့်သွင်းပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာများအရ သိရသည်။
“မြေပြင်မှာ အကုန်လုံးက ကိုယ့်အိမ်ကိုယ့်ယာမှာ မနေကြရဘဲ ရွှေ့ပြောင်း နေထိုင်ကြရတယ်။ နောက်ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ဆုံးရှုံးပျက်စီးခံရတာ များတဲ့အခါကျတော့ ကိုယ်ဖြည့်ချင်တဲ့ အချက်တွေကို ဖြည့်ပြီးတော့ သန်းခေါင်စာရင်းလို့ ကြေညာရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် မြေပြင်မှာ အချက်အလက် အမှန်ရဖို့ကတော့ စစ်ကိုင်းတိုင်းလို နေရာမျိုးဆိုရင် ပိုလို့တောင်မှ မဖြစ်နိုင်တဲ့ အနေအထားရှိတယ်” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်ရှိအချိန်ထိ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသလို ကမ္ဘာ့နိုင်ငံများနည်းတူ ၁၀ နှစ်လျှင်တစ်ကြိမ် ပုံမှန်ကောက်ယူသည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအတွက် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့တွင် အကြိုကောက်ယူမှုများပြုလုပ်ခဲ့ရာ တိုက်ခိုက်မှုများ ကြုံတွေ့ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ထို့အပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အိမ်ထောင်စုအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားပြီး သန်းခေါင် စာရင်းယူနစ် ၈၀,၀၀၀ ခန့်နှင့် စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ရှိကာ သန်းခေါင် စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ဦးခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း စစ်ကောင်စီက ဆိုသည်။
ယင်းအနက် စစ်ကောင်စီက နေပြည်တော်ကောင်စီတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁,၀၉၄ ဦး ခန့်ထားရန်ရှိသလို သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (CAPI) ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
“ဒါတို့ သူတို့ စကားအဖက်တင်ခံပြီး ပြောတာဖြစ်တယ်။ လုံးဝမဖြစ်နိုင်တဲ့ဟာကို အတင်းအဓမ္မ ကောက်ခဲ့လို့ရှိရင်လည်း အဲဒီစာရင်းတွေဟာ လုံးဝကို မှားယွင်းပြီး အရင်စာရင်းတွေနဲ့ ဖြည့်စွက်ပြီးတော့ ဝန်ထမ်းတွေကို လိမ်ထားတာသက်သက်ပဲ ဖြစ်တယ်။ အလိမ်အညာပဲ ဖြစ်လိမ့်မယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ပြီး သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်း အဆင့်ဆင့်ကို လာမည့် ဩဂုတ်မှစ၍ လည်းကောင်း ၊ ဗဟိုအဆင့် နည်းပြသင်တန်းအား နေပြည်တော်တွင် လည်းကောင်း စသည်တို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ၂၀၂၅ မှာ နိုင်ငံရေးချို့ကွေ့မှုတစ်ခု လုပ်မယ်လို့ ခန့်မှန်းတယ်။ ဥပမာ- ရွေးကောက်ပွဲလိုမျိုးပေါ့။ ဒါမျိုးကို သူတို့ထွက်ပေါက်ရှာပြီး လုပ်ချင်တဲ့သဘောတော့ ရှိပုံပေါက်တယ်။ ဒါကြောင့်မို့ လက်ရှိသူတို့ သန်းခေါင်စာရင်းကိစ္စကို တွန်းပြီး လုပ်နေတယ်လို့ ယူဆပါတယ်” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောသည်။
စစ်ခေါင်းဆောင်ကမူ ၎င်းတို့ပြုလုပ်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေးကို ယခု ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်ပါက ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လက ရုရှားမီဒီယာ ITAR-TASS Media နှင့် တွေ့ဆုံအင်တာဗျူးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဇွန် ၆ ရက်က မုံရွာမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲ
#စစ်ကောင်စီ #ရွေးကောက်ပွဲ #သန်းခေါင်စာရင်းကောက်ယူ #သတ်မှတ်ရက် #ရက်တိုးမြှင့်မည် #Ayeyarwaddy_Times