ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ မေလနောက်ဆုံးပါတ်အတွင်းက စစ်ကောင်စီတပ်မှ တပ်သားအဆင့်ရှိသူတစ်ဦးအလင်း၀င်ခဲ့ကြောင်း ပကဖ တာ၀န်ရှိသူထံမှသိရသည်။

“မေလ ၂၉ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၄၄၄ ကနေပြီးတော့ ချိတ်ဆက်ပြီးအလင်း၀င်လာတာပါ။ သူ့ကို စိစစ်လက်ခံပြီးတော့ လုံခြုံတဲ့နေရာကို ရောက်အောင်ခေါ်ခဲ့တယ်”ဟု ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အလင်း၀င်လာသူ စစ်ကောင်စီတပ်သားဆိုသူမှာ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အလင်း၀င်ရန် ၂၀၂၄ မေလ ၂၉ရက်နေ့တွင်စတင်ချိတ်ဆက်ခဲ့သူဖြစ်ပြီး ယခု လုံခြုံစိတ်ချရသောနေရာကို ရောက်ရှိပြီ ဖြစ်သောကြောင့် သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး အမည်အရင်းအပါအ၀င် အချက်အလက်များနှင့် ပတ်သတ်ပြီး ကျန်ခဲ့သောမိသားစု၀င်များ၏ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိကြောင်း ပကဖ တာ၀န်ခံကပြောသည်။

အလင်း၀င်ရောက်လာသူ စစ်ကောင်စီတပ်သားကို ပုသိမ်မြို့နယ်ပကဖမှ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး လက်ရှိတွင် CDMနှင့်သက်ဆိုင်သောကိစ္စများနှင့် စားသောက်ရေးကို တာ၀န်ယူပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င်များ CDMပြုလုပ်ခြင်းကို ချိတ်ဆက်ကူညီပေးခဲ့ပြီး လက်ရှိတစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း၁၀ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

#ပုသိမ်မြို့ #ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ #စစ်ကောင်စီတပ်သားတစ်ဦး #အလင်း၀င် #Ayeyarwaddy_Times