
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရေးအတွက် ပို့ကုန်တင်ပို့နိုင်ရန် အရေးကြီးသဖြင့် ယမန်နှစ်ထက် ယခုနှစ်ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅သန်း ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းပို့ကုန်ရငွေရရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်းတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းအဆမတန် တက်နေချိန်တွင် ဒေါ်လာရရှိရေးအတွက် ဆန်ကိုပိုမိုတင်ပို့မည်ဆိုသောကြောင့် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်မည်ကို ပြည်သူများက စိုးရိမ်ကြောင်း ပြောဆိုကြသည်။
ဇွန် ၄ ရက်နေ့မှစတင်ကာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ရှစ်ခုမှ ဆန်တန်ချိန် ၉၁၁၂၀ တင်ပို့သွားမည်ဖြစ်ပြီး ထပ်မံ၍ဆန်တန်ချိန် ၇၄၀၀၀ တင်ပို့ရန်စောင့်ဆိုင်းနေကြောင်း သိရသည်။
“ဆန်ကြမ်းပေါ့ ဧည့်မထက အခုဆန်ကြမ်းဈေးက အရမ်းမတက်ဘူး။ သူ့ဈေးနဲ့သူတော့ရှိတယ်။ ဒါပေမဲ့ အခုလို export ပို့မယ်ဆိုရင် ကုန်သည်တွေဆင်းဝယ်လို့ ဈေးတက်ရင်လည်းတက်နိုင်တယ်။ အခုထိတော့ ရုတ်တရက် ဈေးမြင့်သွားတာမျိုးမရှိသေးဘူး။ စောင့်ကြည့်ရမှာပေါ့” ဟု ဆန်လက်လီလက္ကားရောင်းသူတစ်ဦးက ပြောကြား သည်။
လက်ရှိတွင်ဆန်အချော ( ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းမျိုးဝင်) များက တဖြည်းဖြည်းဈေးမြင့်လာပြီး ဆန်အချော စားသူများက ဆန်အကြမ်း ( ဧည့်မထ) ကို ရောနှောစားသုံးလာကြပြီး အခြေခံအလုပ်သမားများအနေဖြင့်လည်း ဆန်ကြမ်းကိုသာ ဦးစားပေးစားသုံးနေကြရကြောင်း ဆန်လက်လီလက္ကားဆိုင်များထံက သိရသည်။
ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းသည် အမြင့်တွင်ပင်ရှိနေပြီး ပုံမှန်အရောင်း အဝယ်ရှိ ကြောင်းသိရသည်။ Export ပိုသည့်ဆန်အမျိုးအစား ဧည့်မထဆန်ဈေးသည် ယခုနှစ်တွင် ဆန်တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဝန်းကျင်ရှိကာ ပြီးခဲ့သည့်နှစ်က ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ကျပ် ၇၀၀၀၀ ကြားရှိသဖြင့် တစ်နှစ် အတွင်း ကျပ်နှစ်သောင်းဝန်းကျင် ဈေးမြင့်တက် လာခြင်းဖြစ်သည်။
“အခုကတော့အထွေထွေအကျပ်အတည်းဖြစ်နေကြတာပေါ့။ ပြည်သူကလည်း အချို့ဆို ဆန်ကွဲတောင် ဝယ်စားနေရတယ်။ စစ်ကောင်စီကလည်း ဒေါ်လာလိုတော့ ရောင်းလို့ရတာအကုန်ရောင်းဖို့ ကြိုးစားနေတယ်။ အစစအရာရာ ဈေးတက်နေတော့ ပြည်သူတွေဘဝကတော့ ပိုပြီးဆိုးကြဖို့ပဲရှိမှာပါ” ဟု အသေးစားဆန်စက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူ များပြားနေရာ မိုးတွင်းကာလ စိုက်ပျိုးရာသီရောက်ချိန်တွင် လယ်ယာလုပ်ငန်းခွင်ဝင်ရန် လယ်ယာလုပ်သားနှင့် အခြေခံအလုပ်သမားရှားပါးနေကြောင်းလည်း တောင်သူလယ်သမားများက ပြောကြားသည်။
#စစ်ကောင်စီ #ဒေါ်လာ #ယခင်နှစ်ထက် #ဆန်နှင့်ဆန်ကွဲ #တန်ချိန်၂ဒသမ၅သန်း #တင်ပို့နိုင်ရန်မျှော်မှန်း #Ayeyarwaddy_Times