
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇွန် ၈ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန်-ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီက ယနေ့ ဇွန်လ ၈ ရက်နေ့၊ မနက် ၈ နာရီအချိန်တွင် ဖောက်ခွဲဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မံဆောင်းတံတားသည် တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားတွင် တည်ရှိပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအတွက်လည်း အဓိက ဆက်သွယ်အသုံးပြုထားသည့် တံတားဖြစ်သည်။
အဆိုပါ မံဆောင်းတံတားကို တီးတိန်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်းတွင် မိုင်းဖြင့် ဖောက်ခွဲဖျက်စီးသွားခြင်းဖြစ်သည်။
“တီးတိန်မြို့ထဲက စစ်သားတွေ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ တံတားက အသုံးပြုလို့မရတော့ဘူး။ ကျိုးကျ ပျက်စီးသွားပါပြီ။”ဟု တီးတိန်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် တီးတိန်မြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် လမ်ဇန်ကျေးရွာကိုလည်း သေနတ်မိုးပေါ်ထောင်ဖောက်ပြီး ဝင်ရောက်စီးနင်းကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။
“တံတားဘက်အသွားမှာ ရွာထဲဝင်လာပြီး လူငယ်တွေကို ဖမ်းဆီးသွားတာပါ။ ဖမ်းတဲ့လူတွေကို ရွာထဲက အိမ်တစ်အိမ်မှာ စုခိုင်းထားတယ်။ စစ်သားတွေ တံတားဖောက်ခွဲပြီးအပြန်မှာ အကုန်လုံးပြန်လွတ်ပေးတယ်။”ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့တွင် ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးသည့် အရပ်သား နေအိမ် ၈၀ ထက်မနည်း မီးလောင်ပြာကျသွားပြီး ဒေသခံပြည်သူများသည် ဘေးရာကို ထွက်ပြေးတိမ်းရှောင်ရာမှ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#တီးတိန်ရိဒ် #မံဆောင်းတံတား #စစ်ကောင်စီက #ဖောက်ခွဲဖျက်ဆီး #Ayeyarwaddy_Times