
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ခုခံတော်လှန်စစ်နှင့်ပတ်သက်၍ ပြည်သူလူထုသည် အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားများဟု စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
နေပြည်တော်၌ ယမန်နေ့ ဇွန် ၇ ရက်က ပြုလုပ်သော စစ်ကောင်စီ အစည်းအဝေး (၃/၂၀၂၄)တွင် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ခုခံတော်လှန်စစ်ကို သက်ဆိုင်ရာ ဒေသခံပြည်သူများကသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိဒေသကို ဖျက်ဆီးနေသော အရိပ်နေနေ၊ အခက်ချိုးချိုး ပြုလုပ်သူများဖြစ်ကြောင်း စစ်ခေါင်း ဆောင်က ထည့်သွင်းပြောဆိုသည်။
“ဒီလိုစကားမျိုး (စစ်ခေါင်းဆောင်) မင်းအောင်လှိုင် ပြောတာကတော့ ပြည်သူကို အတော်လေး စော်ကားရာ ရောက်ပါတယ်။ သူ့စိတ်ရင်းကို ဖော်ပြလိုက်သလိုပါပဲ။ ပြည်သူကျွေးတဲ့ ထမင်းကို စားနေသူတစ်ယောက်အနေနဲ့ ဒီစကားမျိုး မအောင့်နိုင်ဘဲ ထွက်လာတာ။ ဂရုစိုက်ရမှာ တစ်ခုတော့ရှိတယ်၊ သူ့ရဲ့ လက်ကိုင်တုတ်တွေက ပိုပြီး အတင့်ရဲလာမှာကိုပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း ရောက်ရာဒေသများတွင် ထိုအချက်ကို ပြည်သူလူထု သဘောပေါက်နားလည်အောင် စည်းရုံးပြောဆိုရန်နှင့် ၎င်းတို့အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
ယင်းကဲ့သို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုနေသော်လည်း အာဏာသိမ်းချိန်မှ ပြီးခဲ့သည့် ဇွန် ၇ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၂၄၀ ဦး သေဆုံးခဲ့ပြီး မတရား သဖြင့် ဖမ်းဆီးခံရသူ ၂၆၈၃၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။
“သေချာပါတယ်၊ အခုထက်ပို ပြင်းထန်အောင် လုပ်မယ့်အနေအထားပေါ့။ ဒါပေမယ့် ဒီထက်လဲ လုပ်စရာ လက်နက်ရော ဗျူဟာရော ကုန်နေပါပြီ။ ဒါထက် လုပ်လို့ ရသေးတယ်လို့ ခြိမ်းခြောက်ထားတာပါ။ တကယ်တော့ မရှိတော့ပါဘူး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေ ၁ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်အထိ ၂ နှစ် ကျော်ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် ၁၅၄ မှုရှိလာပြီး အရပ်သား ၁၅၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း စစ်ရေးပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသည့် BNI – Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များအတွင်း အရပ်သား ၁၄၄၆ ဦးအထိ သေဆုံးခဲ့ရပြီး ထိုအနက် စစ်ကိုင်းနှင့် ရခိုင်တွင် အများဆုံးဖြစ်ကာ အရပ်သားများကို တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုသည်လည်း ၇၆ ခုရှိ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#ပြည်သူများ #နိုင်ငံကိုပျက်စီးစေရန် #လုပ်ဆောင် #အရိပ်နေနေ #အခက်ချိုးချိုး #အကြမ်းဖက် #အဖျက်သမားများ #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times