ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီကိုအသိအမှတ်ပြုအစည်းဝေးများဖိတ်ကြားသော ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်-BIMSTEC) အဖွဲ့တည်ထောင်မှု ၂၇ နှစ်ပြည့်ကို စစ်ခေါင်းဆောင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင် ယင်းအဖွဲ့ဝက်ဆိုဘ်တွင်ဖော်ပြခံထား ရကြောင်း ယနေ့ ဇွန် ၈ ရက်နေ့ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်ပေးပို့သော သဝဏ်လွှာကို အခြားအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာနှင့်အတူ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြခံရကြောင်း ပါဝင်သည်။

အဆိုပါသဝဏ်လွှာတွင် ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုအဖြစ်သာမက အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု များကိုလည်း တိုးတက်ခိုင်မာစေကြောင်းပါဝင်သည်။

ထို့ပြင် အပြန်အလှန်အထောက်အကူပြုခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပြီး ဒေသတွင်းလူမှု စီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းပါဝင်သည်။

ဘင်းမ်စတက် အဖွဲ့အစည်းတွင် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) တွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံပါဝင်ပြီး ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်တွင်တည်ထောင်မှု ၂၇ နှစ်ပြည့်ပြီဖြစ်သည်။

ဘင်းမ်စတက် အဖွဲ့၏ လက်ရှိဥက္ကဌမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း တွင်ကျင်းပသော ထိပ်သီးညီလခံတက်ရောက်ရန် စစ်ကောင်စီခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားရန်ပြင်ဆင်ရာတွင် ထိုင်းနိုင်ငံရေးသမားများ၏ ကန့်ကွက်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဘင်းမ်စတက် နိုင်ငံများကြား စားနပ် ရိက္ခာဖူလုံမှုရှိစေရေးနှင့်စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့ စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲကျင်းပပြီး အဖွဲ့ဝင်နိုင်ငံများ ဦးဆောင်ကျင်းပသော အစည်းအဝေးများ တက်ရောက်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဘင်းမ်စတက် #၂၇ပြည့် #စစ်ခေါင်းဆောင်သဝဏ်လွှာပို့ #Ayeyarwaddy_Times