ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန် ၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် မြို့ခံနေပြည်သူများသည် မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

မတူပီမြို့ခံ ပြည်သူများသည် မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြပြီး လက်ရှိတွင်မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မြို့သိမ်း တိုက်ပွဲစမယ်လို့ ကြားသိရလို့ မြို့ထဲက လူတွေက ကြိုရှောင်ထားကြတာဖြစ်တယ်။ အခုဆို မြို့ထဲ လူမရှိသလောက်ပါဘဲ။ အားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြရပြီ။”ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်သူများသည် အိန္ဒိယနိုင်ငံ၊ မီးဇိုရမ်ပြည်နယ်ဘက်သို့ အများဆုံးထွက်ပြေးကြပြီး မကွေးတိုင်း၊ မန္တလေးနှင့် ရန်ကုန်ဘက်သို့လည်း ထွက်ပြေးတိမ်းရှောင်သူများရှိကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်ကဖောက်တွင်းပြီး စျေးဆိုင်များမှ အစားသောက်များကိုလည်း ခိုးယူစားသောက်နေကြောင်း မြို့ခံအချို့ထံက သိရသည်။

“မြို့ထဲမှာ လူမရှိတော့ စစ်တပ်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ပေါ်တက်ပြီး ပစ္စည်းတွေ ခိုးကြတယ်။ ပြီးတော့ စျေးဆိုင်ထဲက စားစရာတွေလည်း ကားတွေသယ်ပြီး တပ်ထဲကို ယူကြတယ်။”ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလတွင်း ချင်းပြည်နယ်ရှိ လူဦးရေထက်ဝက်ခန့်သည် နေရာဒေသအနှံသို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က ထုတ်ပြန်ထားသည်။

လက်ရှိမတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်သည် ခုခံစစ်များ ပြင်ဆင်ဆောင်ရွက်နေကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီထံက သိရသည်။

“မြို့ထဲက အထပ်မြင့်တိုက် အဆောက်အအုံတွေမှာ စစ်တပ်က နေရာယူထားပါတယ်။ ပြီးတော့ ဆေးရုံနဲ့ ထွေအုပ်ရုံးမှာလည်း ဘယ်သူမှ မရှိတော့ဘူး စစ်တပ်တွေဘဲ အကုန်နေရာယူပြီး ခံစစ်ပြင်နေပါတယ်” ဟု ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီ၏ အထိုင်ဗျူဟာကုန်းစခန်းနှင့် ခလရ (၁၄၀) တပ်ရင်း၊ ခလရ (၃၀၄) စသည့် တပ်ရင်းနှစ်ရင်းလည်း အခြေစိုက်ထားသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မတူပီ-ဟားခါး လမ်းမပေါ်ရှိ ခရိုင်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီက တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

#တိုက်ပွဲသတင်း #မတူပီမြို့မှပြည်သူ #မြို့လုံးကျွတ်နီးပါး #ထွက်ပြေးတိမ်းရှောင် #Ayeyarwaddy_Times