ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
ဇွန် ၈ ရက်

ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေပေတစ်ရာ လမ်းမကြီးက အမှောင်ရိပ်ထဲ ရောက်နေသည်။ ညမီးတိုင်များရှိ မီးလုံးများ သေနေ၏။ လမ်းလယ်ခေါင်ရှိ ဆူးလေဘုရား၊ ပိတ်ထားရသော အဆင့်မြင့်ဟိုတယ်နှင့် တွဲစပ်ထားသည့် အထပ်မြင့်ရုံးခန်းများ၊ စားသောက်ဆိုင်များတွင် အရေးပေါ် မီးလုံးများသာ လင်းနိုင် သည်။

မြို့ပြလူနေမှုစနစ်တွင် လျှပ်စစ်မီးမှာ အရေးပါဆုံးမရှိမဖြစ်ဟု ဆိုရမည်ဖြစ်သည်။

လျှပ်စစ်မီးကြာမြင့်စွာ ပြတ်တောက်မှုကြောင့် သောက်သုံးရေ ပြတ်လပ်မှု၊ လူမှု ဘဝနေထိုင်မှုထိ ခိုက်ခြင်းနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ အပါအဝင် စက်ရုံအလုပ်ငန်းများထုတ်လုပ်မှု ကျဆင်းခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။

စစ်တပ် အာဏာသိမ်းလိုက်ချိန်တွင် လူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့် အလှည့်ကျသာ ရရှိသည်။ ရန်ကုန်မြို့အပါအဝင်မြို့ကြီးများနှင့် နယ်မြို့များတွင်နေရာ အလိုက်လျှပ်စစ်မီး ရရှိမှုမတူညီကြပေ။

🟥မီးပြတ်

လက်ရှိကာလသည် နွေရာသီအကုန် မိုးရာသီသို့ စတင်ကူးပြောင်းသော စပ်ကူးမတ်ကူး ကာလဖြစ်သည်။ ပူပြင်းသည့် နွေအပူနှင့်အတူ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခံရမှုမှ လွတ်မြာက်လာရသည်မှာ ရက် အနည်းငယ်သာ ရှိသေးသည်။

လက်ရှိတွင် ရာသီဥတုအပူချိန် လျော့နည်းသွားသော်လည်း လျှပ်စစ်မီး ပြတ်တောက် မှုဒဏ်ကို ပြည်သူများ ဆက်လက် ခံစား နေရဆဲဖြစ်သည်။ စစ်ကောင်စီ အာဏာသိမ်းထားချိန်တွင် ပြည်သူများကို ပြတ်တောက်ရေး စနစ်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်ဟု ဆိုရမည်။

“အခုလာ အခုပြတ်ပဲ။ စစ်တပ် အာဏာသိမ်းထားပြီးတော့ အကုန်ဖြတ်တောက် ထားတာ။ဒီနှစ်ပိုဆိုးတယ်” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးဖြစ်သူ မစန်းစန်းက ပြောသည်။

စစ်ကောင်စီက လျှပ်စစ်မီး ဖြန့်ဝေပေးရာတွင် ခွဲခြားထားသည်။ ရန်ကုန်မြို့တွင်းနှင့် ဆင်ဖြေဖုံးမြို့နယ်များ အပါအဝင် နယ်မြို့များ၌ မီးပေးရာတွင် တန်းတူညီမျှခြင်း မရှိပေ။

မြို့နယ်အများစုတွင် ၄နာရီပေး၊ ၄နာရီဖြတ် ပုံစံဖြင့် လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ဖြန့်ဖြူးသည်။ ထိုခွဲတမ်းထဲမှပင် မီးမှာ မကြာမကြာ ထပ်၍ ပျက်နေ သေးသည်။

မြို့နယ်အများစုတွင် မနက် ၉ နာရီ မီးလာပြီး နေ့လယ် ၁ နာရီတွင် မီးပြတ်ကာ ညနေ ၅ နာရီတွင် မီးပြန်လာသည်။ ည ၉ နာရီတွင် မီးပြတ်သည်။ ည ၁၁ နာရီမှ မီးပြန်လာပြီး ညဦးယံကနေ မီးပြတ်သည်မှာ မနက် ၉ နာရီအထိ ဖြစ်သည်။

ယခင်လများတွင် ညနေ ၅ နာရီ မီးလာပြီးနောက်ပိုင်းတွင် မီးပြတ်တောက်ခြင်း မရှိဘဲ မနက် ၅ နာရီမီးပျက်လျှင် ၉ နာရီ လာနည်းဖြင့် အလှည့်ကျ လာလိုက်ပြတ်လိုက် ဖြစ်သည်။

မနက်ပိုင်းတစ်ချိန်သာမီးပြတ်သော ရန်ကုန်မြို့ Downtown ဧရိယာထဲပါဝင်သည့် ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ပုစွန်တောင်နှင့် ဗိုလ်တစ်ထောင် မြို့နယ်များတွင်ပင် ၄ နာရီမီးလာ ၄ နာရီပျက်စနစ်ဖြင့် မီးပျက်ချိန်ပိုမိုကြာမြင့် လာကြောင်း မြို့နေလူထုထံက သိရသည်။

“အရင်က မနက်တစ်ပိုင်းပဲပြတ်တယ်။ မနက် ၉ နာရီပြတ်တဲ့ရက်ဆို နေ့လယ် ၁ နာရီမီးလာပြီ။ အဲဒီကနေ တောက်လျှောက် တစ်ညလုံးမပြတ်ဘူး။ ၉ နာရီမီးလာရက်ဆို မနက်အစောပိုင်းမှာမီးပြတ်သွားတယ်။ ၉ နာရီ မီးလာပြီးရင် တောက်လျှောက် လာတယ်။ အခုက အချိန်ပိုင်းနဲ့ဖြစ်သွားပြီ”ဟု ကျောက် တံတားမြို့နယ်၊ ၃၇ လမ်းတွင် နေထိုင်သူ ဦးထွန်းထွန်းက ပြောကြားသည်။

အိမ်သုံးပါဝါမီတာအမျိုးအစားတွင် လျှပ်စစ် ၁ ယူနစ်မှ ၃၀ ယူနစ် ကြား ၃၅ ကျပ်နှုန်းအနိမ့်ဆုံးဈေးဖြစ်ပြီး ၃၁ ယူနစ်မှ ၅၀ ယူနစ်ထိ ၅၀ ကျပ်ဖြစ်ကာ ယူနစ်များများအသုံးပြုလျှင်ကုန်ကျစရိတ်ပိုများသည်။

မီးမှန်ခြင်းသာ မရှိသော်လည်း မီတာခမှာ တစ်လလျှင် အနည်းဆုံး ကျပ် တစ်သောင်းခွဲမှ လေးသောင်းကြား မီတာခပေးဆောင်နေရသည်။

လက်ရှိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၄၂၀၀ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အား ထုပ်လုပ်ဖြန့်ဖြူးရာတွင် ၂၉၅၀ မဂ္ဂါဝပ်ခန့်သာ ရှိသဖြင့် လိုအပ်သောဓာတ်အား ၁၂၅၀ မဂ္ဂါဝပ်ကို ဝန်အား ထိန်းညှိလျှော့ချ မီးပြတ်တောက်စနစ် အသုံးပြုနေကြောင်း သိရသည်။

ထို့ပြင်သဘာဝဓာတ်ငွေ့ မဝယ်နိုင်သဖြင့် သဘာဝဓာတ်ငွေ့စက်ရုံမှထုတ်လုပ်မှု လျော့ကျ ခြင်းနှင့်အတူ ရေအားလျှပ်စစ်မှ ထုတ်လုပ်မှု လျော့ကျသဖြင့် အသားတင်လျော့နည်း ထုတ်လုပ်နေရသည်ဟုလည်း ဆိုသည်။

စီးပွားရေးလုပ်ငန်း အများဆုံးရှိရာ ရန်ကုန်တိုင်းတွင် ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ၁၆ ရာခိုင်နှုန်း ရရှိပြီး ကျန် တိုင်းနှင့် ပြည်နယ် တို့တွင် ၃၈ ရာခိုင်နှုန်းဖြင့် လျှပ်စစ်သုံးစွဲမှု ခွဲတမ်းရရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက်ရန်အတွက် မဂ္ဂါဝပ် ၅၀၀၀ ကျော် လိုအပ်ကြောင်း သိရသည်။

🟥ရေပြတ်

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် နောက်ဆက်တွဲ အခက်အခဲများတွင် ရေပြတ်လပ်မှု တစ်ခုလည်း ပါဝင်သည်။ ရေစက်သံ၊ ရေမော်တာသံ ဆူညံမှုရှိသဖြင့် ပုံမှန်ဆို ည ၁၀ နာရီကျော်လျှင် ရေစက်မမောင်းရန် တိုက်ခန်းနေသူများ သဘောတူညီ ထားချက် ကိုလည်း ယခုအခါ ပြန်လည်ပြင်ဆင်နေရပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် အဝီစိတွင်းနှင့် ရန်ကုန်စည်ပင်ကပေးသော ဂျိုးဖြူ ရေပိုက်လိုင်းကို သုံးရေအတွက် အသုံးပြုကြသည်။ သောက်ရေအတွက် ရေသန့်ဘူးများကို အများဆုံး သုံးကြသည်။ ထို့ကြောင့် သုံးရေအတွက် လျှပ်စစ်မီးရသည်နှင့် တစ်ပြိုင်နက် ရေတင် ရသည်။ ရေသန့် ထုတ်လုပ်ရာတွင်လည်း အခက်ခဲဖြစ်ပေါ်ရသည်။

ယခုလို လျှပ်စစ်မီးကြာမြင့်စွာ ပြတ်တောက်ချိန်တွင် သောက်သုံးရေပါ ပြတ်တောက် သွားသည်။ ပြီးခဲ့သည့်လထဲတွင် လျှပ်စစ်မီး ၄၈ နာရီနီးပါး ပြတ်တောက်သဖြင့် မီးစက်ငှားကာ ရေတင်ရန် စီစဉ်ရကြောင်း သာကေတမြို့နယ် နေထိုင်သူ ကိုအောင် အောင်က ပြောကြားသည်။

“သစ်ပင်ခုတ်တယ် ဆိုပြီး မီးပြတ်သွားတာ နှစ်ရက်လောက်ကြာတယ်။ မနက်မီးလာမယ့် ရက်မှာ ပြတ်သွားတော့ ရေတွေ ဘာတွေ တင်မထားလိုက်ရဘူး။ အဲဒါ မီးလာစောင့်နေရင်း မလာဘူး။ နောက်မှသိရတာ သစ်ပင်ခုတ်တာနဲ့ ဓာတ်ကြိုးတွေ ပြတ်တယ်ဆိုလားပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီကပေးသည့် မီးက အချိန်မမှန်သဖြင့် မီးလာချိန်တွင် အပြေးအလွှားရေ တင်ရသည်။ ရေတိုင်ကီ၊ အုတ်ကန်ထဲ ရေဖြည့်ကြရသည်။ ရန်ကုန်စည်ပင်ကပေးသော ဂျိုးဖြူရေ သုံးတဲ့သူများလည်း မီးလာချိန်တွင် ရေတင်ထားရကြောင်း ကိုအောင်အောင်က ဆိုသည်။

ရန်ကုန်မြို့ထဲတွင် နေထိုင်သူများသည်လည်း အဝီစိတွင်း တူးထားခြင်း မရှိသဖြင့် ဂျိုးဖြူရေပေးချိန်နှင့် မီးလာချိန် ကိုက်ညီမှသာလျှင် ရေရကြောင်း ၃၇ လမ်းတွင်နေထိုင်သူ ဦးထွန်းထွန်းက ပြောကြားသည်။

“ဂျိုးဖြူကနေ ရေလွှတ်ထားတဲ့ ရေပိုက်လိုင်းလိုင်းထဲက လမ်းဘေးမြောင်းနားမှာ။ အဲဒီထဲကနေ တိုက်ရိုက် ရေတင်တာ ပေါ့။ အုတ်ကန်တွေ တိုင်ကီတွေမထားတော့ဘဲ။ အဲဒီနှစ်ခုတိုင်ပင်မကိုက်ရင် ရေမရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေသန့်ဖြန့်ဖြူရေး လုပ်ငန်းများကဲ့သို့ အခြားသော အသေးစား အိမ်တွင်းမှု လုပ်ငန်းများလည်း အခက်အခဲ ကြုံတွေ့ရသည်။

🟥စီးပွားပျက်

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုက စီးပွားရေးလုပ်ငန်းများ ပေါ်ထိခိုက် လာသည်။ အရင်းအနှီး စိုက်ထုတ်နိုင်သော လုပ်ငန်းရှင်က နေ့စဉ် မီးစက် အသုံးပြုနိုင်သည်။

လက်ငုတ်လက်ရင်း လုပ်ငန်းရှင်ကမူ ကုန်ပစ္စည်း အရင်းအနှီး၊ လုပ်အားခများအပြင် ကုန်ကျစရိတ် ပိုမသုံးနိုင်ကြောင်း အင်းစိန်မြို့နယ်ရှိ စတီး၊ သံပန်း၊ သံတံခါး၊ ဗီရို လုပ်သူ မသန်းသန်းက ပြောကြားသည်။

“တစ်နေကုန် မီးပျက်ပေမယ့် အလုပ်သမားခတော့ ညနေ ရောက်ရင် တစ်ရက် ကြေးပေးရတာပဲလေ။ တစ်ယောက် တစ်သောင်းခွဲနဲ့။ ဘာမှလုပ်မရဘူး၊ အလုပ်တွေ များပြီး အရှုံးပေါ်သလိုဖြစ်နေတယ် ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နေအိမ်၊ ခြံဝင်းများတွင် စတီး သံဗန်း၊ သံတံခါး တပ်ခြင်း လုပ်ငန်းဖြစ်၍ အမှာစာများ ရှိသော်လည်း လျှပ်စစ်မီး မရသဖြင့် လုပ်ငန်းလည်ပတ်မှု ရပ်တန့်လျက် ရှိကြောင်း သိရသည်။

သံဗန်း၊စတီးလုပ်ငန်းများတွင် ပေနှင့်တွတ်ယူကာ ဈေးအမျိုးမျိုးရှိပြီး ပြတင်းပေါက် တစ်ခုစာလျှင် ကျပ် ၇၀၀၀၀ မှ ၁၀၀၀၀၀ ကြားဝန်းကျင်ရှိသည်။

ထို့ပြင် မီးလာချိန်တွင် ဆက်တိုက်လာခြင်း မရှိဘဲ မီးပျက်လိုက်၊ လာလိုက်ဖြစ်၍ လုပ်ငန်း မလုပ်နိုင်ပေ။ မနှစ်က အချိန်ပိုင်း အပြည့်လာသဖြင့် လုပ်ငန်း လည်ပတ်နိုင်သေးသည်။ ယခုနှစ်တွင် လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံး ဖြစ်သည်။

ယင်းပြင်လုပ်ငန်း အပ်ထည် တစ်လလျှင် လုပ်ငန်းအမှာစာ ၂၀ ခန့်ရှိချိန်တွင် အပ်ထည်တစ်ခုပင်လျှင် ပြီးပြတ်ခြင်းမရှိကြောင်း စတီး၊ သံပန်း၊ သံတံခါး၊ ဗီရို လုပ်သူ မသန်းသန်းက ဆိုသည်။

အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော အထည်ချုပ် လုပ်ငန်းသည်လည်း လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ရကြောင်း ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်နေသူ မမြင့်မြတ်က ပြောကြားသည်။

“မီးစက်တော့ရှိတယ်။ ဒါပေမယ့် ဆီဝယ်ရခက်တယ်။ အပ်ချုပ်စက်က ၁၀ စက်လောက်ပဲ ရှိတာ။ အင်္ကျီအပ်ထည်နဲ့ ဈေးချုပ်တွေချုပ်တယ်။ အဆင်ပြေတာမျိုးတော့ မဟုတ် ပေမယ့် လုပ်နေလို့ရသေးတယ်။ အဲဒါတွေ (မီးစက်၊ ဆီ) ဝယ်ရတာ အပို ကုန်ကျ စရိတ်တော့ ဖြစ်တယ်။ ဈေးမကိုက်လို့ ရှုံးတာမျိုးတော့ မဖြစ်သေးဘူး။ ဒီလိုပဲ လုပ်နေ ရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဒီဇယ်သုံး မီးစက်များတွင် အင်ဂျင်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိကာ အိမ်သုံး ကြိုးဆွဲ မီးစက် အသေးစားတစ်လုံးက ကျပ် ၁၀ သိန်းကျော်ရှိသည်။ အသေးစား လုပ်ငန်းသုံးမီးစက်တစ်လုံးဈေးကမူ ကျပ် သိန်း ၃၀ ကျော်ရှိသည်။ အဆိုပါ ဈေးနှုန်းများက တစ်ပတ်ဈေးနှုန်းဖြစ်ပြီး တရုတ်နိုင်ငံထုတ်မီးစက် အသုံးများ သည်။

🟥အနေအထိုင်ပျက်

ရန်ကုန်မြို့တိုက်ခန်းကျဉ်းများထဲတွင် မှောင်မည်းနေသည်။ လေ အဝင်၊ အထွက်မရှိ မွန်းကြပ်၊ လှောင်ပိတ်နေသည်။ လျှပ်စစ်မီး ပျက်သဖြင့် အနေအထိုင်လည်း ပျက်ရသည်။ လေးပေ မီးချောင်းမထွန်းနိုင်၊ အဲယားကွန်း မဖွင့်နိုင် ဖြစ်နေသည်။

ဝမ်းရေးအတွက် ချက်ပြုတ်စားသောက်ရာတွင်လည်း အခက်အခဲကြုံရသည်။

“မီးမလာတဲ့အတွက် ထမင်းအိုး ပျက်တယ်။ မီးက လာလိုက် ပြတ်လိုက် ဆိုတော့ ထမင်း တစ်အိုးတောင် မကျက်ဘူး။ မီးကို နာရီဝက်ပဲပေးလိုက် ထမင်းတစ်အိုး ကျက်တယ်။ အဲဒီလိုဆို မီးပြတ်မယ်ဆိုရင် စနစ်တကျပျက်လိုက် ရတယ်။ အခုကလာလိုက်၊ ပျက်လိုက်နဲ့။ ပိုက်ဆံတော့အပြည့်ယူတယ်။ မီးပျက်လွန်းတဲ့လမှာ မီတာခပိုတက်သွား သေးတယ်” ဟု ကျောက်တံတားမြို့နယ်တွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

အထွေထွေ အကျပ်အတည်းများကြားထဲတွင် ပြည်သူများသည် အချိန်ကြာမြင့်စွာ ပြတ်တောက်သော လျှပ်စစ်မီးကြောင့် ဒုက္ခပိုရောက်ကြရသည်။ ကျန်းမာရေး မကောင်းသူများ နှင့် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။

“မီးပြတ်ရင်တော့ အမှောင်ထဲမှာ LED မီးလုံးလေးထွန်းပြီး နေရတယ်။ တိုက်ခန်း တွဲဆိုတော့ အသက်ရှူ ကြပ်တာမျိုးရှိတယ်။ လူကြီးနဲ့ကလေးတွေ ပိုသနားဖို့ ကောင်းတယ်” ဟု ၃၇ လမ်းနေထိုင်သူ ဦးထွန်းထွန်းက ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်မခံနိုင်သဖြင့် ဓာတ်အားသွင်း ပန်ကာများ ဝယ်ယူရကာ ငွေကြေး ကုန်ကျမှု ဒဏ်ခံရသည်။ ငွေကြေးတတ်နိုင်သူအချို့က ဆိုလာစနစ် (နေရောင်ခြည် စွမ်းအင်သုံး) တပ်ဆင်ကာ တစ်အိမ်လုံး မီးထိန်လင်း စေကြသည်။

“မီးပြတ်တဲ့ အချိန်တွေဆိုရင် ကြမ်းပြင်ကို ရေစိုအဝတ် ဖြန့်ခင်းထားတယ်။ မီးလာရင်တော့ အဲယားကွန်းဖွင့်တာပေါ့။ နှလုံးရောဂါသည် ဆိုတော့ ပတ်ဝန်းကျင် အေးနေမှ နေလို့အဆင်ပြေတယ်။ မဟုတ်ရင်မောနေတာ၊ ပူတာမခံနိုင်ဘူး” ဟု ရန်ကုန်မြို့ခံ မစန်းစန်းက ပြောကြားသည်။

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေးစီမံချက်အဖြစ် ၂၀၁၅ ခုနှစ် NLD လက်ထက်တွင် ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃၅၀ ဖြင့် အကောင် အထည်ဖော်နေသော အမျိုးသား ဓာတ်အား ရရှိရေး စီမံကိန်းသည် လက်ရှိတွင် မည်မျှပြီးစီးသည်ကိုလည်း မသိရှိရပေ။

အဆိုပါစီမံကိန်း အချက်အလက်များ အရ စွမ်းအင် အရင်းအမြစ် အမျိုးမျိုး အသုံးပြုပြီး ၂၀၂၅ – ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် အထက် မီးလင်းရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိရမည် ဖြစ်သည်ဟု ဆိုသည်။

လာမည့် ၂၀၃၀ ပြည့်နှစ် တစ်နိုင်ငံလုံး မီးလင်းရေး အိပ်မက်သည် စစ်အာဏာ သိမ်းလိုက်ပြီးနောက် ပျက်ပြယ်သွားပြီဟု ဆိုရမလို ဖြစ်သည်။

မြန်မာနိုင်ငံတွင် လီလီပန်းစိုက်ပျိုးထုတ်လုပ်ရေး ဦးဆောင်လုပ်သူ အနုပညာရှင်မှ စီးပွားရေး လုပ်ငန်းရှင်အဖြစ်သို့ ကူးပြောင်းခဲ့သူ အကယ်ဒမီ လွင်မိုး၏ လီလီပန်း စိုက်ပျိုးရေး လုပ်ငန်းက လျှပ်စစ်မီး အခက်အခဲကြောင့် ရပ်ဆိုင်းရပေတော့မည်။

လွင်မိုးသည် ၂၀၁၇ ခုနှစ်တွင် ဟော်လန်နိုင်ငံမှ လီလီပန်းဥများကို တင်သွင်း စိုက်ပျိုး နေခြင်း ဖြစ်သည်။ အဆိုပါ လီလီပန်း စိုက်ပျိုးရေး ခြံသည် ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် တည်ရှိသည်။

“လီလီပန်းတွေကရပ်ရတော့မယ့်အခြေအနေပါ၊ ဘာလို့လဲဆို‌တော့ ဥတွေအကုန်လုံးက အအေးခန်းထဲထည့်ထားရတယ်။ လျှပ်စစ်မီးအခက်အခဲနဲ့ အအေးခန်းအလုပ်အတွက် ခက်ခဲတယ်” ဟု လွင်မိုးက အနုပညာ သတင်းမီဒီယာ တစ်ခုတွင် ပြောကြားထားသည်။

စိတ်ချမ်းသာချင်၍ လီလီပန်းစိုက်ပျိုးရေး စတင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် လျှပ်စစ်မီး အခက်အခဲ၊ နိုင်ငံခြားသုံး‌ငွေ အခက်အခဲများကြောင့် လုပ်ငန်းရပ်ဆိုင်းဖို့ တွေးနေရပြီဖြစ်သည်။

#မီးပြတ်ရေပြတ် #အနေအထိုင်ပျက် #စီးပွားပျက်လာသောမြို့ပြ #ဆောင်းပါး #Ayeyarwaddy_Times