
ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇွန်လပထမအပတ်ကစပြီး စစ်မှုထမ်းရန်အတွက်စာရင်းမတင်သွင်းသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများကို လစာနှင့်အသုံးစရိတ် ဖြတ်တောက်ထားကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရသည်။
သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ အမည်စာရင်းတင်သွင်းလာခြင်းမရှိသော လှေကြီးတက်၊ကြက်သွန်ကွင်း၊ကွမ်းခြံကုန်း၊တောင်မရိုးပင်၊ထန်းပင်ချောင်း၊အစုကြီး၊ချင်းကုန်းနှင့် ကျင်းကြီးစသည့်ကျေးရွာများအပါအဝင် ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများကို ဇွန်လ ပထမအပတ်ကစပြီးလစာနှင့် အသုံးစရိတ်များကို မြို့နယ်စစ်ကောင်စီက လေးလစာအတွက် ဖြတ်တောက်ခံထားရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကပြောသည်။
“စစ်မှုထမ်းဖို့စာရင်းမပေးတာနဲ့ မဲစာရင်းမကောက်ပေးလို့ဆိုပြီးတော့ လစာကောအသုံးစရိတ်တွေအဖြတ်ခံရတယ်။ မြို့နယ်ထွေအုပ်ရုံးက စာပို့ပြီးတော့ လေးလ ဖြတ်သွားတာပေါ့။ မလုပ်ချင်တော့လို့ ထွက်စာတင်ထားတာတောင်မရမကစာရင်းကောက်ခိုင်းတာ။ ရာအိမ်မှူးတွေကိုပဲလုပ်ချင်ရင်လုပ်ဆိုပြီးပစ်ထားလိုက်တယ်။ လစာဖြတ်လည်းကိုယ့်ဘာသာ နေလို့ရတယ်။ သူများကိုစိတ်ဒုက္ခမပေးချင်တော့တာလည်းပါတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ လစာနှင့်အသုံးစရိတ်ဖြတ်တောက်ခဲ့မှုအပြင် စစ်မှုထမ်းရန်စာရင်မပေးသွင်းသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများကို တာဝန်ဆက်လက်ထမ်းဆောင်ရန်ငြင်းဆန်ပါက ထောင်ဒဏ်သုံးနှစ်နှင့်ပိုင်ဆိုင်မှုများကိုချိတ်ပိတ်ရန် မြို့နယ်စစ်ကောင်စီမှအတင်းအကျပ်ဖိအားပေးနေကြောင်း ရပ်ကျေးစာရေးအသိုင်းအဝန်းထံကသိရသည်။
“ လစာနဲ့အသုံးစရိတ်ပဲဖြတ်တာတောင်မကျေနပ်ဘူးလားမသိဘူး။ လောလောဆယ်တာဝန်ကရပ်နားတာနဲ့အာဏာဖီဆန်မှုနဲ့ထောင်သုံးနှစ်လည်းချမယ်။ပိုင်ဆိုင်တာပါချိတ်ပိတ်မယ်ဆိုပြီးတော့ခြိမ်းခြောက်ဖိအားပေးခံရတယ်။ ထွက်တဲ့သူတွေက ထွက်နေကြသလို ရှောင်တဲ့သူလည်းရှောင်ကုန်ပြီ”ဟု ရပ်ကျေးစာရေးဝန်ထမ်းတစ်ဦးကဆိုသည်။
သာပေါင်းမြို့နယ်တွင် မြို့နယ်စစ်ကောင်စီမှရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စစ်မှုထမ်းကိစ္စအတွက် မဲစာရင်းကောက်ခံရန် ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လပထမအပတ်အထိ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ဦးထက်မနည်းနှုတ်ထွက်စာတင်ကာ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရသည်။
#သာပေါင်း #စစ်မှုထမ်း #အမည်စာရင်းမပေးသည့် #အုပ်ချုပ်ရေးမှူး #စာရေးဝန်ထမ်းများကို #လစာနှင့်အသုံးစရိတ်ဖြတ်တောက် #Ayeyarwaddy_Times