ဧရာဝတီတိုင်းမ်
ဇွန် ၇ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်ကောင်စီက ကြည်း၊ရေ၊ လေ အသုံးပြု၍ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀၀နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ဇွန် ၄ရက်နေ့မှ ယမန်နေ့ ဇွန် ၆ရက်နေ့အထိ စစ်ကောင်စီက ဆင်ခေါင်းရွာကို လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဗုံးကြဲချခြင်း၊ မောင်ရွှေလေးရေတပ်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ သံတွဲတွင်တပ်စွဲထားသော စစ်စခန်းများမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံများ ၁၀၀နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိကို အလောင်း ၆၀ကျော်မြှုပ်ပေးနေရတယ်ပြောတယ်။ ရခိုင်စုဘက်ဆို ဒီနေ့ မနက်အထိ ပစ်နေတုန်း သွားလို့မရဘူး။ အပေါ်ကရော၊ ရေတပ်ကရော၊ ဘားတောင်းတောင်ကရော ပစ်နေတာ။ အလောင်းတွေအကုန်မကောက်နိုင်သေးဘူးတဲ့။ အပေါ်ကနေ ပေါင် ၅၀၀ဗုံးတွေကြဲတာ။ တိုက်ပွဲလည်းမရှိတော့ ရှောင်နေပြုနေတာလည်းမရှိဘူးလေ။ အကုန်အလစ်အငိုက် အသတ်ခံလိုက်ရတာပါဗျာ” ဟု ဆင်ခေါင်းရွာနှင့် နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆင်ခေါင်းကျေးရွာရှိ ဆလီစုကုန်း၊ မော်ဖျားပိုင်း၊ ရခိုင်စုဘက်များတွင်ပါ ထိခိုက်ပျက်စီးမှုများရှိနေပြီး စစ်ကောင်စီက သုံးရက်ဆက်တိုက် လက်နက်ကြီးများ၊ လေယာဉ်၊ ဒရုန်းများဖြင့်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆင်ခေါင်းရွာသည် ပင်လယ်ဝအနီးတွင်တည်ရှိပြီး ငါးဖမ်းဇုံလည်းဖြစ်သည့်အတွက် ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများပါ နေထိုင်လုပ်ကိုင် စားသောက်နေကြသော ကျေးရွာကြီးဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်လ် များကမူ အဆိုပါကျေးရွာအတွင်း AAတပ်ဖွဲ့များ တပ်စွဲနေထိုင်နေသည့်အတွက် ယခုသေဆုံးကြသူများမှာလည်း AAတပ်ဖွဲ့ဝင်များသာဖြစ်ကြောင်း သတင်းလွှင့် ဝါဒဖြန့်လျက်ရှိသည်။

ပုံစာ- စစ်ကောင်စီတိုက်ခိုက်ဖျက်ဆီးထားသည့်ဆင်ခေါင်းရွာ
#သံတွဲ #ဆင်ခေါင်းရွာ #စစ်ကောင်စီ #ကြည်းရေလေ #ပစ်ခတ်တိုက်ခိုက် #ဗုံးကြဲ #ဒေသခံ၁၀၀နီးပါးသေဆုံး #Ayeyarwaddy_Times