
ဧရာဝတီတိုင်းမ်
ဇွန် ၇ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အင်းဒင်နယ်ခြားစောင့်စခန်းနှင့် မြင်းလွှတ်နယ်ခြားစောင့်စခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
AA သည် မောင်တော-အငူမော် ကားလမ်းရှိ စစ်ကောင်စီ၏ နခခ (၉) မြင်းလွှတ် နယ်ခြားစောင့်စခန်းကို ယနေ့ ဇွန် ၇ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၁၁နာရီလောက်မှာ နခခ(၉) နဲ့ အဆက်အသွယ်မရတော့တာ။ AAဝင်တိုက်နေ တာတော့ ၅ ရက်နေ့ကတည်းကပဲ။ အဆက်အသွယ်မရတော့ ရဲတပ်ရင်း မိသားစုတွေ လည်း အကုန်ပွက်လောရိုက်ကုန်တယ်။ ကျတာတော့ ကျသွားပါပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အင်အား ၆၀၀ ခန့်ရှိသည့် နခခ(၆) အင်းဒင်နယ်ခြားစောင့်စခန်းကိုလည်း ယမန်နေ့ ဇွန် ၆ရက်နေ့တွင် အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ခဲ့ပြီး ယနေ့ ဇွန် ၇ရက်နေ့တွင် နခခ (၉) မြင်းလွှတ် နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစခန်းနှစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်း ဇွန် ၅ရက်နေ့တွင် AAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ ရက်အတွင်း စခန်းနှစ်ခုကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုများရှိသလို အချို့မှာ လက်ရဖမ်းဆီးခံရပြီး အချို့မှာ နခခ (၄) မောရဝတီစခန်းသို့ သွားရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လက်ရှိတွင် မောင်တောမြို့အတွင်းရှိ ဒေသခံများကို စစ်ရှောင်ခွင့်မပေးဘဲ မြို့အတွင်းလမ်းများကို ပိတ်ထားပြီး ဒေသခံများကို ဓားစာခံလုပ်၍ ပိတ်ဆို့ထားကြောင်း သိရသည်။
မောင်တောရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများနှင့် ဗျူဟာများကို AA က သိမ်းပိုက်ထားရာ လက်ရှိတွင် မောင်တော၌ နခခ (၄) မောရဝတီ၊ အလယ်သံကျော်နယ်မြေစခန်း၊ ၄မိုင် နခခ (၂) ၊ နခခ (၅) မြို့သူကြီး စခန်းတို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#မောင်တော #နခခ၆အင်းဒင် #နခခ၉မြင်းလွှတ် #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times