ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဇွန် ၇ရက်

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီး AA သည် ရက္ခိတ လမ်းစဥ်အတိုင်း ၎င်းတို့၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်းက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်အပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးသည် စစ်အာဏာရှင်လက်အောက်တွင် အဖိနှိပ်ခံဘဝတူများဖြစ်ကြသော်လည်း ပလက်ဝမြို့နယ်တွင် AA အနေဖြင့် ပြီးခဲ့သည့် ဧပြီလမှစ၍ အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိ ဒေသခံ အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းကောက်ခံသွားပြီး AA ထံ စစ်မှုမထမ်းလို့သည့် အမျိုးသားများသည် ထွက်ပြေးတိမ်းရှောင်နေကြသလို နောက်ပိုင်းတွင် အသက် ၁၅ နှစ်ကလေးငယ်များ စစ်ပညာသင်ရန် ဖိအားပေးလာကြောင်း ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဧပြီလမှာ ကုလာချောင်းဒေသ၊ ပီချောင်းနဲ့ ကျီးလေစတဲ့ ရွာတွေမှာ AA တွေက လူထုအစည်းဝေးခေါ်တယ်။ မီးဇာရွာမှာ AA သင်တန်းဖွင့်မယ်။ အဲ့သင်တန်းမှာ စစ်ပညာသင်ရမယ်ဆိုပြီး ရွာထဲမှာ လူစာရင်း ကောက်သွားပါတယ်။ AA ဆီ စစ်သင်တန်း မတက်ချင်တဲ့ ကုလာချောင်းဒေသဘက်က လူအယောက် ၄၀ လောက်က မီဇိုရမ်ဘက် ထွက်ပြေးကြတယ်။ ကျန်တဲ့ ရွာတွေကလည်း ထွက်ပြေးကြပါတယ်။ အဲ့ဒီနောက်မှာ AA ထပ်မံပြီး ၁၅ နှစ်အထက် ကလေးတွေပါ စစ်ပညာသင်ရမယ်လို့ ပြောလာတယ်။”ဟု ကုလာချောင်းဒေသရှိ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် AA သည် ဘင်္ဂလားဒေရှ်းနိုင်ငံသား၊ ရခိုင်လူမျိုးများကို ပလက်ဝမြို့နယ်သို့ တရားမဝင်ပြောင်းရွှေ့ အခြေချစေမှုစတင်ပြုလုပ်နေပြီး အဆိုပါလုပ်ဆောင်ချက်သည် ဒေသခံချင်းလူမျိုးများ ဇာတိမြေပေါ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ပြောဆိုထားသည်။

“အခု ပလက်ဝမြို့နယ် မီးဇာရွာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်လူမျိုးတွေ အခြေချနေထိုင်တာ အိမ်ထောင်စု (၅၀)ထက်မနည်းတဲ့ ပမာဏရှိနေပါပြီ။ အဲ့ဒီ ရခိုင်လူမျိုးတွေ နေထိုင်ဖို့အတွက် ဒေသခံတွေကို ဝါးခုတ်ခိုင်းတယ်။ သစ်ဆွဲခိုင်းတယ်။ မြေတူးခိုင်းတာတွေ အတင်းအဓမ္မ စေခိုင်းတာလုပ်တယ်။ သူတို့ လုပ်ရပ်တွေကို မခံရပ်နိုင်တဲ့ ဒေသခံတွေ မိမိတို့ ဇာတိမြေ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်နဲ့ တခြားဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်”ဟု ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာရက္ခတပ်တော်(AA)၏ ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးများအပေါ် လူ့အခွင်ရေး ချိုးဖောက်မှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးဝါးနေကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO) တာဝန်ရှိသူတစ်ဦးကလည်းဆိုသည်။

“ပလက်ဝမြို့နယ်မှာ ချင်းလူမျိုးတွေအပေါ် AA ရဲ့ လူ့အခွင့်ရေးချိုးဖောက်တာဟာ ဟို့အရင် ၂၀၁၅ ခုနှစ် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ကတည်းက ရှိပြီးသားပါ။ အခု အာဏသိမ်းပြီးနောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်ကို AA သိမ်းပြီးနောက်ပိုင်း ပိုဆိုးလာပါတယ်။

ဘယ်လောက်ထိဆိုးလည်းဆိုရင် ဒေသခံတွေ အသွားလာနေထိုင်ခွင့် ကန့်သတ်တာ၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာ၊ တပ်သားသစ်စုဆောင်းတာတွေ ပြုလုပ်တယ်။ ပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်တာတွေ့ရတယ်။ ကျွန်တော်တို့မှာ AA ရဲ့လူ့အခွင့်ရေးချိုးဖောက်တာနဲ့ပတ်သက်လို့ သက်သေအထောက်ထားအပြည့်စုံတွေ ရှိပါတယ်။ ထုတ်ပြန်တာလည်း ရှိပါတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုထုတ်ပြန်ချက်ပါ ပြောဆိုချက်များသည် လုပ်ကြံစွပ်စွဲချက်များသာဖြစ်ပြီး မြေပြင်တွင်ဘာမှမဖြစ်ကြောင်း AA ၏ပြောခွင့်ရသူ ဦးခိုင်သုခက RFA သတင်းဌာနကို ပြောဆိုထားသည်။

ပလက်ဝမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း AA ၏ ဖမ်းဆီးခံရသူ အရပ်သား လေး ဦး၊ ၂၀၂၀ ခုနှစ်တွင် ငါးဦး၊ ၂၀၂၂ ခုနှစ်တွင် သုံးဦး၊ ၂၀၂၃ ခုနှစ်တွင် ၁၅ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၁၂ ဦး စုစုပေါင်း ၃၉ ဦးထိရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူးမီးအဖွဲ့အစည်း( GKO ) ထံမှ သိရသည်။

ဓာတ်ပုံ-ပလက်ဝ

#ပလက်ဝမြို့နယ် #လူ့အခွင့်ရေးချိုးဖောက်မှုများရပ်ရန် #ကမ္ဘာလုံးဆိုင်ရာ #ခူမီးအဖွဲ့စည်းတောင်းဆို
#Ayeyarwaddy_Times