ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ်အနီးနှင့် ခမရ ၅၆၆ကြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လေဆိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကပါ အပြင်းအထန် ခုခံနေကြောင်း သိရသည်။
ယနေ့ ဇွန် ၇ရက် နံနက် ၁၁နာရီခန့် တွင် သံတွဲလေဆိပ်အနီး မှိုဟင်းပြင်ရွာနှင့် စစ်ကောင်စီ၏ ခမရ ၅၆၆တပ်ရင်းကြား စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
“လေဆိပ်အနီးကနေ မနက်ကတည်းက အပြန်အလှန်ပစ်ခတ်သံတွေကြားရတယ်။ စစ်တပ်ရဲ့ ခမရ ၅၆၆အခြေအနေမကောင်းဘူး ကြားတယ်။ သူဌေးရေအားလျှပ်စစ်လက်နက်ကြီးစခန်းလည်း ကျပြီးတော့ ၅၆၆ကိုလာပူးပေါင်းတာတွေလည်းရှိတယ်လို့ ကြားထားတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက သံတွဲလေဆိပ်ကို ပြီးခဲ့သည့် ဇွန် ၃ရက်နေ့ကတည်းက ပိတ်ထားပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်များကို အဆိုပါကွင်းတွင်ထားပြီး စစ်ပွဲအတွက်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ဆင်ခေါင်းရွာကို ဗုံးကြဲတိုက်ခိုက်ရာတွင်လည်း သံတွဲလေဆိပ်မှ လေယာဉ်များ အတက်အဆင်းပြုလုပ်ကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆင်ခေါင်းရွာက တိုက်ပွဲလည်းမရှိဘဲ လာပြီး စစ်တပ်က ပစ်ခတ်လူသတ်သွားတာ။ အပေါ်ကကြဲ ရေတပ်ကပစ် တောင်ပေါ်ကပစ်နဲ့ အကုန် ကစဉ့်ကလျားနဲ့ သေတာများကုန်တယ်။ လျှပ်စစ်မီးလည်း ဖြတ်ထားတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းလည်းမရဘူး။ တချို့အလောင်းတွေ မသဂြိုဟ်ရသေးဘူး” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂ရက်နေ့ကစတင်၍ ဂေါ့ရပ်ကွက်အနီး စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဇွန်လ ၃ရက်နေ့တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အတွက် ငပလီမြို့ရှိ Jasmine Ngapali Resort ဟိုတယ် ဗုံးထိမှန်ပျက်စီးခဲ့သည်။
အဆိုပါ ဇွန် ၃ရက်နေ့တွင်ပင် စစ်ရှောင်ရန်ထွက်ပြေးလာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက အမရာ ဟိုတယ်တွင်း ပိတ်လှောင်ဖမ်းဆီးကာ ပြည်သူများထံမှ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယက်ယူဆောင်သွားကြပြီး အမရာ ဟိုတယ်လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ယမန်နေ့ ဇွန် ၆ရက်နေ့ကလည်း မဇင်ရပ်ကွက် သံတွဲလေဆိပ်အနီးရှိ ရဲကင်းစခန်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ရဲများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
လက်ရှိတွင် သံတွဲမြို့နယ်အတွင်းရှိ ခရမ်းမော်၊ တောင်ပေါက်၊ ဇိမ်ချောင်း၊ အလယ်ရွာနှင့် ရေစင်ရွာတို့အနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
#သံတွဲ #မဇင်လေဆိပ် #စစ်ကောင်စီ #ခမရ၅၆၆ #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times