ဆောင်းပါးရှင် – မောင်ကောင်း
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၇ ရက်)

မြန်မာနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေကနေ ကလေးသုံးသန်းကျော်ဟာ လက်ရှိမှာ ပျောက်ဆုံးနေပါတယ်။ ဒီကလေးတွေ ဘယ်မှာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ဘယ်သူတွေကို မေးရပါမလဲ။

ဒီ မေးခွန်းကိုမဖြေခင် သက်ဆိုင်တဲ့ အကြောင်းအရာအချို့ကို ပြောပြပေး လိုပါတယ်။

“ ဦးချိုရှိတဲ့ သတ္တဝါက ဦးချိုနဲ့ အနိုင်ယူပါတယ်။ ဒီလိုပဲ အစွယ်ရှိတဲ့ သတ္တဝါဟာလည်း အစွယ်နဲ့ အနိုင်ယူတတ်ပါတယ်။ အဆိပ်ရှိတဲ့သတ္တဝါက အဆိပ်နဲ့ အနိုင်ယူတတ်တာမို့ အာဏာကို လိုချင်လာတဲ့ သတ္တဝါဟာလည်း သူ့မှာကိုင်ထားတဲ့ လက်နက်ကို အားကိုးပြီး အနိုင်ယူမှာပါ။ ဒါဟာသတ္တဝါ လောကကြီးရဲ့အနိုင်ယူမှုနိယာမလို့တောင် ဆိုလို့ရပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လက်နက်အားကိုးနဲ့ မြန်မာနိုင်ငံ ကိုသိမ်းယူခဲ့ပါတယ်။

အကျိုးဆက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့တဲ့ ထင်ရှားသူတချို့ဟာ ဧပြီ ၁၆ ရက်နေ့မှာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီး ပြည်သူ့အစိုးရအဖြစ် ကြေညာလိုက်တာပါပဲ။

ပျော်စရာကောင်းတဲ့ နိုင်ငံလေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ အစိုးရနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် ဖြစ်လာတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး အစိုးရ နှစ်ရပ် ရှိလာခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးတွေအကြောင်း ဆက်သွားကြည့်ရအောင်ပါ။

အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တုန်းက မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေမှာ စုစုပေါင်း ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ပါတယ်။ အခုနောက်ဆုံး စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းနေအရွယ် ကလေး ၆ ဒသမ ၃ သန်း ကျောင်းလာရောက်အပ်နှံကြတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းနေရမယ့်အရွယ် ကလေးပေါင်း သုံးသန်းကျော်ဟာ မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေပါတယ်။

ပျောက်ဆုံးနေတဲ့ အခြေခံပညာကျောင်းသားတွေကို အပေါင်းအနုတ်လေး နည်းနည်း လုပ်ကြည့်ရအောင်ပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁-၂၀၂၂ အာဏာသိမ်းပညာသင်နှစ်မှာတော့ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းအပ်တဲ့အရေအတွက်ဟာ ၄ဒသမ၇ သန်းကျော်သာရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ လာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၄ သန်းကျော်သာ ရှိပါတယ်။

ဒီနှစ် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်မှာလည်း ကျောင်းအပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၃ သန်းကျော်သာရှိနေပြီး အမှန်တကယ် ကျောင်းတက်ရောက်တဲ့ အရေအတွက်ကိုတော့ သိရှိရခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားစဉ် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်းကနေ ဖြေဆိုသူ ၂၈၁,၇၅၁ ဦးရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ၁၆၁,၈၅၀ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

အဲ့သည်လိုပဲ ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ ၁၄၆,၅၂၃ ဦးဝင်ရောက်ဖြေဆိုခဲ့တာမို့ စစ်ကောင်စီ အာဏာသိမ်းထားစဉ်မှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၆သိန်းနီးပါးရှိပါတယ်။ ဒါကြောင့် အာဏာမသိမ်းခင်က အခြေခံပညာ ကျောင်းတက်သူ ၉ ဒသမ ၇ သန်းကျော်ထဲက ၆ သိန်းနှုတ်ရင် ၉ ဒသမ ၁ သန်းကျော် ကျန်ပါတယ်။

လက်ရှိ ကျောင်းအပ်ထားတဲ့ အခြေခံပညာ ကျောင်းသား ၆ဒသမ၃သန်း ကျော်သာရှိတာမို့ ကျောင်းတက်ရမယ့် ၉ ဒသမ ၁ သန်းကျော်နဲ့ ချိန်ဆကြည့်ရင် ပျောက်ဆုံးနေတဲ့ ကလေးက ၂ဒသမ၈သန်း ရှိပါတယ်။

ကျောင်းအပ်ပြီး ကျောင်းမတက်သူ ၊ စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ ထပ်မံကျောင်းနေရမယ့် ကလေးအရေအတွက်ပါ ထည့်ပေါင်းရင် စာသင်ခန်းနဲ့ ဝေးနေသူ ကလေးငယ် သုံးသန်းအထက်မှာရှိနေတယ်လို့ပဲ နားမရှုပ်အောင် လွယ်လွယ် မှတ်သားထား လိုက်ပါ။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ဆီ ရောက်နေတဲ့ ကလေးတွေ ဘယ်လောက်ရှိလဲ ဆိုတာ ဆက်ကြည့်ရအောင်ပါ။ လက်ရှိမှာတော့ NUG ဟာ ကြားကာလ အခြေခံပညာရေး အွန်လိုင်းကျောင်း ပေါင်း ၇၆ ကျောင်းကို ဖွင့်လှစ်ထားပြီး တော်လှန်ရေးဒေသနဲ့ တိုင်းရင်းသား ဒေသတွေမှာလည်း မြေပြင် ကျောင်းတွေ ဖွင့်လှစ်နေပါတယ်။

မကြာသေးခင်ကပြုလုပ်တဲ့ NUG ပညာရေးဌာန ရဲ့ ၂၀၂၃ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက် ထားသူ ၇၅၀၀၀ ရှိခဲ့ပြီး ဖြေဆိုသူတွေအနက် ၅၀၀၀၀ ခန့်က Certificate ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အနေနဲ့ ပညာရေးကို လုပ်ဆောင်နေပေမယ့် ပျောက်ဆုံးနေတဲ့ အခြေခံပညာ ကျောင်းသား သုံးသန်းကျော်လောက်ထဲက သိန်းဂဏန်းလောက်ကိုသာ ဖြည့်ဆည်းနိုင်တာ ကို တွေ့ရပါတယ်။

ဖတ်ခဲ့ဖူးတဲ့ ဟာသလေး တစ်ခု ဝေမျှချင်ပါတယ်။

ဂျော်နီအမေ ဟာ သားငယ် ဂျော်နီ ရှိတဲ့ ကလေးထိန်း ဌာနကို ရောက်လာပြီး သားကို ပထမဆုံး အကြိမ် လာကြိုပါတယ်။

ဂျော်နီရဲ့အမေဟာ ဂျော်နီကို ရှာဖို့အတွက် ပထမအထပ်မှာ ကြည့်လိုက်ပါတယ်။ “ လိမ်မာသော ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာကိုတွေ့ရပြီး ဂျော်နီကို မတွေ့ပါဘူး။

ဒုတိယထပ်ကို ဆက်တက်ခဲ့တဲ့အခါမှာလည်း “သာမန်ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပြီး ဂျော်နီမရှိပါဘူး။

ဒါကြောင့်ဂျော်နီရဲ့အမေဟာ တတိယအထပ် သို့ ဆက်တက်ခဲ့ပါတယ်။ အဲ့ဒီ အထပ်မှာလည်း “ကလေးဆိုးများ” လို့ ရေးထားတဲ့ဆိုင်းပုတ်သာရှိပြီး ဂျော်နီကိုမတွေ့ခဲ့ရပါဘူး။

ဒီလိုနဲ့ စတုတ္ထအထပ်သို့ ထပ်တက်ခဲ့တဲ့အခါမှာလည်း “အလွန်ဆိုးသော ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ရပြီး ဂျော်နီကို ရှာမတွေ့ပြန်ပါဘူး။

ဂျော်နီရဲ့ အမေဟာ နောက်ဆုံး အထပ်သာ ကျန်တော့တဲ့ လှေကားကို ဆက်တက်ခဲ့ရာမှာတော့ ဆိုင်းပုတ် တစ်ခုရေးထားတာကို လှေကားထိပ်ကနေလှမ်းတွေ့ လိုက်ရပါတယ်။

ဆိုင်းပုတ်မှာ ရေးထားတာ “ ဂျော်နီ ” ပါတဲ့။ ဟာသလေးကတော့ ဒါပါပဲ။

“ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ “အလွန်ဆိုးသော ကလေးများ” ရဲ့အပေါ်မှာ ရောက်နေတဲ့ ဂျော်နီ ရဲ့ အထက် မှာတောင် ရှိချင်ရှိနေမှာပါ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုရဲ့ထိပ်ဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံပါဝင် တယ်လို့နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GCPEA) ရဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေစာသင်ကျောင်းတွေကို စစ်ရေး ပစ်မှတ် အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာရှိပြီး တိုက်ခိုက်မှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ GCPEA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမတွေ လိုက်နာရမယ့် အချက် ၁၂ ချက်ကို ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ ကျောင်းတက်ရောက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးဆိုတဲ့အချက်ပါပါတယ်။

ဒါဟာ အရှင်ထွက် မထွက်ဖို့ ညွှန်ကြားချက်သာဖြစ်ပါတယ်။

လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုကြောင့် စာသင်ကျောင်းတွေ မှာပဲ အသေထွက် ထွက်သွားရတဲ့ ကလေးငယ်တွေ များစွာရှိနေပါတယ်။ ဒါ့အပြင် အဝေးကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးလာလို့ ပိတ်လိုက်ရတဲ့ စာသင် ကျောင်းတွေလည်း ရှိပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ ဒေသတွေက ကလေးသူငယ်တွေဟာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့သာ နေထိုင် နေရပါတယ်။

မကြာသေးခင်က ပြုလုပ်တဲ့ မြန်မာလူငယ်နှင့် ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် လူငယ်နဲ့ကလေးငယ် ထက်ဝက်ကျော်ဟာ ကျောင်းထွက်ခဲ့ရပြီး ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမို ရရှိဖို့ လိုအပ်တယ်လို့ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီ အော်ကီက ဆိုထားတယ်။

အင်္ဂလိပ်ကျောင်းတက်ပြီး အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေ၊ ဂျပန်မှာစစ်ပညာသင်ပြီး ဂျပန်ကို မောင်းထုတ်ခဲ့သူတွေရဲ့ သမိုင်းကြောင်းကလည်း ပုံပြင်တွေ မဟုတ်ခဲ့တာကို သိကြမှာမို့ ကလေးငယ်တွေဟာ ဘယ်နေရာမှာမဆို ပညာသင်ကြားခွင့်ရရေးသာ အဓိကလို့ ဆိုနိုင်ပါတယ်။

ဆုံးရှုံးသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဟာ အချိန်ကာလတစ်ခုမှာ အစားထိုးပြန်လည် တည်ဆောက်လို့ ရကောင်းရနိုင်ပါတယ်။ ပညာသင်ကြားရမယ့် အရွယ်မှာ ပညာမသင် ယူခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဆုံးရှုံးမှုကိုတော့ လာမယ့် တိုင်းပြည်တစ်ခုရဲ့ အနာဂတ်မှာ ဘယ်အရာနဲ့မှ ပြန်လည်ပြီးအစားထိုးပေးဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် စစ်ကောင်စီကို အသာထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကလေးမိဘတွေ အားလုံးက ဒီမေးခွန်းကို ဖြေပေးစေ ချင်ပါတယ်။ သူတို့တွေဟာ ဂျော်နီ မဟုတ်သလို ဂျော်နီထက်ပိုပြီး ဆိုးသွမ်းသူတွေလည်း မဟုတ်ကြပါဘူး။

လက်ရှိ ကျောင်းတက်နေကြတဲ့ ကလေးတွ ကျောင်းကနေ ပျောက်ကွယ်မသွားစေဖို့နဲ့ ပျောက်ဆုံးနေတဲ့ ကလေးသုံးသန်းကို ဘယ်နေရာမှာ ဖြစ်ဖြစ်၊ ဘယ်အရပ်ဒေသကို ရောက်နေပါစေ ပညာသင်ကြားခွင့် ပေးကြမှာပါလား ဆိုတဲ့ မေးခွန်းပါ။

ဒီကလေးတွေ ပညာသင်ကြားခွင့် ရနိုင်ဖို့ ဘယ်သူတွေမှာ တာဝန် ရှိနေပါသလဲ။

ကလေးတွေ ပညာရေးကို အနှောက်အယှက်မရှိ လွတ်လွတ်လပ်လပ်နဲ့ အန္တရာယ်ကင်းစွာ သင်ကြားခွင့်ဖို့အတွက် ဆုတောင်းပြည့်နိုင်မယ် ဂါထာများရှိရင်လည်း လက်တို့ ဝေမျှစေချင်ပါတယ်။

“သင်္ကြန်မိုး” ရုပ်ရှင်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။

အဲ့ဒီမှာ နေအောင် ကို ခင်သန်းနုက ပြောခဲ့တဲ့ ဒိုင်ယာလောခ့် တစ်ခုက လူတိုင်းနီးပါးကို မှတ်မိစေမှာပါ။

“ကိုငြိမ်းမောင်ရယ်..ကလေးတွေကို ပျော်ရွှင်ခွင့် ပေးလိုက်ပါ”

#ပျောက်ဆုံး #ကလေးသုံးသန်းကျော်ဘယ်မှာလဲ #အတွေးအမြင်ဆောင်းပါး #မောင်ကောင်း #OpEd #Ayeyarwaddy_Times