ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၇ ရက်

မန္တလေးတိုင်း၊ မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ရာသီဥတုအခြေအနေများနှင့် ဖမ်းဆီးခံရသည့် လူဦး ရေများပြားမှုကြောင့် ထောင်တွင်း ပွေး၊ ဝဲ၊ ယားနာ ရောဂါ ကူးစက်မှုများဖြစ် ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ထံက သိရသည်။

ယခုအခါ မိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှအကျဥ်းသား၊ အကျဉ်းသူများ၏ အဝတ်အစားများ ခြောက် သွေ့ရန်ခဲယဉ်းခြင်း၊ အဝတ်အထည်လုံလောက်စွာမရှိခြင်း၊ လူဦးရေထူထပ်စွာနေရခြင်းများကြောင့် ယားနာ၊ ပွေး၊ ဝဲများပေါက်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုံ လောက်စွာ ရရှိခြင်းမရှိ ကြောင်း သိရသည်။

“ကျန်းမာရေးစောင့်ရှောက်မှုတွေအနေနဲ့ က ပွေး၊ ဝဲ၊ ယားနာဖြစ်တဲ့အရေအတွက်က အရမ်းများတယ်။ အားလုံးကို လိမ်းဆေးတွေအပြည့်အဝမပေးနိုင်တာတွေ့ရတယ်။ ဆေးတဘူးကိုမျှပြီး သုံးရတာတွေရှိတယ်။ ကြာရှည်မှာ မပျောက်ပဲနဲ့ ပွေးဝဲယားနာဆေး ဆက်သုံးနေရတဲ့သူတွေရှိတယ်။ အရေအတွက်အားဖြင့် ၅၀၀၀ ဝန်းကျင်ရှိတဲ့ ထောင်တစ်ခုမှာ ၂၅၀၀ ရဲ့အထက်က မိုးရာသီကြောင့် အဝတ်အစားတွေမခြောက် တာကစလို့ ပွေး၊ ဝဲ၊ ယားနာ ပြသနာတွေ၊ လူဦးရေထူထပ်တဲ့အတွက်ကြောင့် ယားနာ တွေကူးစက်တဲ့ အခြေအနေတွေကို အိုးဘိုအကျဉ်းထောင်မှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်” ဟု PPNM အဖွဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းစမှစတင်၍ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အိုးဘိုအကျဥ်းထောင်အတွင်းရှိ လူဦးရေမှာ ထောင်အဆောက် အဦများနှင့် မျှတခြင်းမရှိဘဲ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသည့် အဆောင်များတွင် လူဦးရေ ၁၀၀၊ ၁၅၀၊ ၂၀၀ ခန့်ဖြင့် စုပြုံထားကြောင်း သိရသည်။

ထိုသို့ နေရာမလုံလောက်မှုများကြောင့် ကိုယ်ဝန်သည် အကျဥ်းသူများနှင့် ကလေးများတွင်လည်း အပူနာ၊ မိတ်ဖုများ စသည့် အရေပြားဆိုင်ရာပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နေရာကိစ္စနှင့် စပ်လျဥ်းပြီး နိုင်ငံရေးအကျဥ်းသူတစ်ဦး နှင့် အခြားအမှုအကျဥ်းသူတစ်ဦးတို့ စကားများခဲ့ကြရာ နိုင်ငံရေးအကျဥ်းသူကို တိုက်ပိတ် ပြစ်ဒဏ် ပေးခဲ့ကြောင်းလည်း PPNM ထံက သိရသည်။

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရပြီး နိုင်ငံ ရေးအကျဉ်းသား၊ အကျဉ်းသူ ပေါင်း ၃၀၀၀ ရှိကြောင်း ပြီးခဲ့သည့် ဇွန် ၆ ရက် နေ့တွင်ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – အိုးဘိုထောင်
#မန္တလေး #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသား #နေရာမလုံလောက်မှု #ယားနာပေါက် #Ayeyarwaddy_Times