ဧရာ၀တီတိုင်းမ်
ဇွန် ၇ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယနေ့ကျင်းပခဲ့တဲ့ ONE Friday Night ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ ကျော် သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ထိုင်းဖိုက်တာ ခွန်ဆက်ဟာ သူ့ထက် အတွေ့အကြုံရင့်တဲ့ သွေးသစ်ဝင်းလှိုင်ကို အသာစီးထိုးသတ်ပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

သွေးသစ်ဝင်းလှိုင်ဟာ သူ့ရဲ့ထိုးသတ်နေကျပုံစံအတိုင်း ပထမအချီမှာ ပြိုင်ဘက်ကို အကဲခတ်နေစဉ်မှာပဲ ထိုင်းဖိုက်တာ ခွန်ဆက်ဟာ သွေးသစ်ဝင်းလှိုင်ကို အမြင့်ကန်ချက်တွေ၊ တံတောင်ရိုက်ချက်နဲ့ ဒူးပျံတွေသုံးပြီး တိုက်ခိုက်ခဲ့ရာမှာ သွေးသစ်ဝင်းလှိုင်ဟာ ပထမအချီမှာတင် အမှတ်စဉ် ၂ ကြိမ် ရေတွက်ခံခဲ့ရပြီး အလဲထိုးခံရနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒုတိယအချီနဲ့ တတိယအချီမှာလည်း သွေးသစ်ဝင်းလှိုင်ဟာ ခွန်ဆက်ကို လက်သီးထိုးချက်တချို့လောက်သာ တိုက်ခိုက်နိုင်ခဲ့ပြီး ခွန်ဆက်ရဲ့တံတောင်ရိုက်ချက်ကြောင့် သွေးသစ်ဝင်းလှိုင် မျက်နှာမှာဒဏ်ရာရကာ သွေးထွက်ခဲ့ပါတယ်။

ဒိုင်လူကြီးက ဆရာဝန်နဲ့စစ်ဆေးခိုင်းခဲ့ပြီး ဒိုင်ကခွင့်ပြုလို့ ဆက်ထိုးခဲ့ပေမယ့် ထိုင်းဖိုက်တာကို ထိထိရောက်ရောက် ထိုးသတ်နိုင်ခြင်းမရှိတာကြောင့် ပွဲအပြီးမှာ သွေးသစ်ဝင်းလှိုင်ဟာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ထိုင်းမြေပေါ်မှာကျင်းပတဲ့ ONE Friday Night ပြိုင်ပွဲ မွေ့ထိုင်းပွဲစဉ်တွေမှာ မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာတွေဖြစ်တဲ့ စိုးလင်းဦး၊ သန့်ဇင်နဲ့ မိုးထက်အောင်တို့ဟာ ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ယူတဲ့မှတ်တမ်း စိုက်ထူထားပါတယ်။

ဒီကနေ့ပွဲစဉ်မှာ သွေးသစ်ဝင်းလှိုင် ရှုံးနိမ့်ခဲ့တာကြောင့် ONE Friday Night မှာ ပြိုင်ဘက်တိုင်းကို အလဲထိုးအနိုင်ယူထားတဲ့ မြန်မာလက်ဝှေ့ကျော်တွေရဲ့မှတ်တမ်းကောင်းက ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။

သွေးသစ်ဝင်းလှိုင်အတွက်လည်း လက်ဝှေ့သမားဘ၀သက်တမ်းတလျှောက် ဒုတိယမြောက်ရှုံးပွဲ ကြုံခဲ့ရသလို ပထမဆုံးအကြိမ် ထိုင်းဖိုက်တာကို ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

#Ayeyarwaddy_Times #ရိုးရာလက်ဝှေ့ #ချန်ပီယံ #သွေးသစ်ဝင်းလှိုင် #onechampionship