ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇွန် ၆ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိ၍ အရပ်သား တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တာဝန်ရှိသူထံက သိရှိရသည်။

ဖလမ်းမြို့နယ်၊ ကြောင်ဟဲင်းကျေးရွာမှ အရပ်သားတစ်ဦးသည် ယမန်နေ့ ဇွန်လ ၅ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်တွင် ၎င်း၏ သရက်ခြံသို့ သွားရာတွင် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ရဲ့ ဗားရ်းစခန်းအထက်နားမှာ သရက်ခြံတွေရှိတယ်၊ သူရဲ့ အဲ့ဒီ သရက်ခြံကိုသွားရင်း မိုင်းနင်းမိပြီး ခြေထောက် နှစ်ဖက်လုံးပြတ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြောခွင့်ရ Salai Timmy က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူသည် အသက် (၆၂) အရွယ် U Lian Hrang ဟုသိရှိရပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဇာတိရွာ ကြောင်ဟဲင်းကျေးရွာတွင် သဂြိုလ်မည်ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ဗားရ်စခန်းအနီးတွင် စစ်ကောင်စီ၏ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ စစ်ကောင်စီ၏ ဗာရ်းစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့်အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။

#ဖလမ်းမြို့နယ် #မြေမြှုပ်မိုင်း #နင်းမိ #အရပ်သား #တစ်ဦးသေဆုံး #Ayeyarwaddy_Times