နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက စစ်ဘေးရှောင်နေသည့် ဒေသခံများ နေအိမ်ပြန်မလာပါက အိမ်များကို မီးရှို့မည်ဖြစ်ကာ ပြန်လာပါကလည်း တစ်အိမ်တစ်ယောက် စစ်မှုထမ်း ရမည်ဖြစ်ပြီး စစ်လှုပ်ရှားစရိတ် တစ်လ နှစ်သိန်းထည့်ရမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြို့၊ နောင်ကျော ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဇွန် ၂ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေသခံ အများစုမှာ တောတောင်ထဲတွင် စစ်ဘေးရှောင်နေရသဖြင့် တက်ရောက်ခြင်းမရှိသလို ရွာစောင့်အဖြစ် ကျန်ရှိနေသူများကို ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေတပ်မတော်(PNLO/PNLA) ထံက သိရသည်။

“ဒါကတော့ ပြည်သူကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။ ဒါမျိုး လုပ်ရပ်က အလွန်အင်မတန် အောက်တန်းကျတဲ့ လူယုတ်မာတွေရဲ့ လုပ်ရပ်ဖြစ်တယ်။ ဆီဆိုင်မြို့ ပတ်ဝန်းကျင်မှာတော့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်” ဟု PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နောင်ကျောကျေးရွာ ဘုန်းကြီးကျောင်းသည် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သိမ်ကျောင်းဆောင် ပျက်စီး ခဲ့ရပြီး သံဃာတော်များလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကာ လက်ရှိတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲ၍ ခံတပ်စခန်းအဖြစ် နေထိုင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် သဘက်ကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာအုပ်စုအတွင်း ပြည်သူများကိုလည်း မကြာခဏ ဖမ်းဆီးသတ် ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ ကျေးရွာအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကြောင့် ယင်းကျေးရွာအုပ်စုမှ ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင် နေရကြောင်း PNLA ထံက သိရသည်။

ထို့အပြင် ယနေ့ ဇွန် ၆ ရက်၊ နံနက် ၈ နာရီခန့်က ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်နေ အသက် ၇၁ နှစ်အရွယ် ဒေါ်စိုးစိုးလတ်သည် ၎င်းနေအိမ်ဝင်းအတွင်း သန့်ရှင်းရေး လုပ်နေစဥ် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက် သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ၎င်းတို့ အဓမ္မသိမ်းဆည်းထားသည့် မြေတွင်လည်းကောင်း မြေမြှုပ်မိုင်းများ နင်းမိုင်းများကို ထောင်ထားသဖြင့် သတိပြုကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)က အသိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ -PNLA
#ဆီဆိုင်မြို့ #စစ်ဘေးရှောင်များ #နေအိမ်ပြန်မလာ #အိမ်များမီးရှို့မည် #ပြန်လာ #စစ်မှုထမ်းရမည် #စစ်ကောင်စီခြိမ်းခြောက် #Ayeyarwaddy_Times