
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာရှိ ဒေသခံများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကပြောသည်။
ပြီးခဲ့သည့် မေ ၂၉ရက်နေ့က စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် စစ်ကောင်စီက သင်တန်းပေးထားသော မူဆလင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ဝင်ရောက် ပိတ်ဆို့ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ကောင်စီက ကျူးလွန်မှုများနှင့်ပတ်သက်၍ NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှ ရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်ဟု ယမန်နေ့ ဇွန် ၄ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇွန် ၄ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ ၇၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ေကြာင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်သည်။
ဗျိုင်းဖြူရွာမှပြန်လည်လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံထားရသူ ရာဂဏန်းနီးပါးရှိနေသေးပြီး အမျိုးသမီးနှင့်ကလေးသူငယ်အချို့ကိုသာ ပြန်လည်လွှတ်ပေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၉ရက်နေ့က စစ်တွေအခြေစိုက် ဒကစမှတပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ-၁၀၁ မှတပ်ဖွဲ့ဝင်များ၊အခြားသော တပ်ရင်းတပ်ဖွဲ့မှထုတ်နုတ်အင်အားများ၊ ALP တပ်ဖွဲ့ဝင်အချို့နှင့်စစ်ကောင်စီသင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား ၁၇၀ပါစစ်ကြောင်းသည် ဗျိုင်းဖြူရွာအတွင်း ဝန်းရံပိတ်ဆို့ ဝင်ရောက်ပြီး သတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကောင်စီက စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်များအပေါ်ကျူးလွန်နေမှုကို ပြင်းထန်စွာရှုတ်ချပြီး ၎င်းလုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့်နောက်ထပ်အလားတူဖြစ်ရပ်များမဖြစ်စေရန် AA က ပြင်းထန်စွာ သတိပေးထားသည်။
ထို့အပြင် ဗျိုင်းဖြူရွာဖြစ်စဉ်တွင် စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးစေခိုင်းသူနှင့် ညွှန်ကြားချက်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သူအားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။
#စစ်တွေ #ဗျိုင်းဖြူရွာ #စစ်ကောင်စီ #အစုလိုက်အပြုံလိုက် #သတ်ဖြတ် #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #ကျူးလွန်သူများ #အပြစ်ပေးအရေးယူမည် #Ayeyarwaddy_Times