ဧရာဝတီတိုင်းမ်
(နေပြည်တော်)၊ ‌‌‌‌‌‌‌‌ဇွန် ၆ ရက်

နေပြည်တော်အခြေစိုက် အမှတ်(၂၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရတဖ-၂၀)တွင် ဌာနချုပ် တပ်ခွဲမှူး အဖြစ်တာဝန်ထမ်းနေသည့ ရဲမှူးတစ်ဦးက ၎င်း၏လက်အောက်ခံ ရဲတပ်ကြပ်တစ်ဦး၏ သမီးဖြစ်သူကို ပြီးခဲ့သည့် မတ်လ မှ စတင်ကာ ယခုမေလအထိ အကြိမ်အကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ၁၆ နှစ်အရွယ်သာရှိပြီး ရဲတပ်ကြပ် ဖြစ်သူမိဘများက ၎င်းတို့၏အထက်အရာရှိဖြစ်သည့် ရဲမှူးလှဦးကျော်ထံတွင် ရုံးအကူ အဖြစ်အပ်နှံထားရာမှ အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသော်လည်း ယခုအကြိမ်တွင်မူ နစ်နာသူ မိန်းကလေးငယ်တွင် ဒဏ်ရာများပါရရှိလာသည့်အတွက် မိဘများထံ ပြောပြရာမှ အမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“အခုမုဒိန်းကျင့်တဲ့ကောင်(ရဲမှူး)က အရင်တုန်းကလည်း ရဲတပ်ရင်း မှီခိုမိသားစုတွေထဲက တချို့အမျိုးသမီးတွေနဲ့ဖြစ်ဘူးတယ်လို့‌ ပြောကြတယ်။ သူတို့ဖုံးဖိထားတာပေါ့။ ဒီတခေါက်ကတော့ မရတောဘဲ ကျွံထွက်လာတာ။ ဘယ်လိုအရေးယူတာလည်းဆိုတော့ ရဲတရားရုံးလုပ်လိုက်တာပေါ့။ လောလောဆယ် အချုပ်ထဲထည့်ထားတယ်။ ရဲတရားရုံး လုပ်ထားပြီးစစ်နေဆေးနေတယ်။ အခုမှဖြစ်တာဆိုတော့ ဘယ်လိုပြစ်ဒဏ်ချမလဲ ဆိုတာ တော့မသိရဘူး။ မနေ့ကမှစသိရတာ” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲမှူးလှဦးကျော်သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို နှစ်လကျာ်ကြာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး မိဘများကို ဒုက္ခပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက် ထားသည့်အတွက် အဆိုပါမိန်းကလေးမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီက ဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် သတင်းဖုံးဖိနိုင်ရန်အတွက် ညတွင်းချင်း ရဲတရားရုံးပြုလုပ်ကာ ရဲမှုးလှဦးကျော်ကို ချုပ်နှောင်ထားကြောင်းသိရပြီး ကျူးလွန် ခံရသည့်မိန်းကလေးငယ်နှင့် ရဲတပ်ကြပ်မိသားစုကို ဌာနပြောင်းရွှေ့ရန် စီစဉ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်
#နေပြည်တော် #ရဲတပ်ရင်း #ရတဖ၂၀ #ရဲမှူး #အဓမ္မပြုကျင့် #အသက်မပြည့်သေးသူမိန်းကလေး #Ayeyarwaddy_Times