
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇွန် ၅ ရက်
ကရင်နီပြည်နယ်အတွင်း ရိက္ခာပြတ်လပ်မှုများကို ရင်ဆိုင်နေရသည့် လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ခြောက် ဦး မှာ ယမန်နေ့ ဇွန် ၄ ရက်နေ့ တွင် လွတ်ရက်စေ့သည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသူတစ်ဦး နှင့် အခြား အကျဉ်းသား ငါး ဦးတို့ပါဝင်ပြီး ယခုအခါ သက်ဆိုင်သည့်မိသားစုများထံ ပြန်လည်ပို့ပေးနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများမှာ ထောင်ဝင်စာပိတ်ပင်ခြင်းခံထားရသည့်အပြင် နှစ်ဖက်တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများကိုရင်ဆိုင်နေရပြီး အာဟာရပြတ်လပ်မှုကြောင့် အကျဉ်းသားတစ်ဦးမှာ အရေးပေါ်အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
“ထောင်ထဲအခြေအနေကတော့ အစားအသောက်က တော်တော်လေးပြတ်လပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ ပြန်ပြောပြတာကတော့ မနက်ပိုင်းဆို ဆန်ပြုတ်ပဲကျွေးတယ်။ နေ့လယ်၊ ညဆိုရင် ထမင်းက ခွက်သေးလေးတစ်ခွက်နဲ့ပဲ ကျွေးတယ်ပေါ့နော်။ အရွက် ဟင်းနဲ့ ငပိ၊ ပဲ ကျွေးတယ်။ ထောင်ရဲ့ပုံမှန် ကျွေးနေကြအတိုင်းကို မကျွေးတော့တာ” ဟု ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး ဦးဆောင်ကော်မတီဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လွိုင်ကော်အကျဉ်းထောင်တွင် ရိက္ခာပြတ်လပ်မှုကြောင့် အာဟာမပြည့်ဝမှုဒဏ် နှင့် အကျဥ်းခန်းများထဲတွင် ပိတ်ခံထားရသည့်ဒဏ်များကို ခံစားခဲ့ရသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ ရင်ဆိုင်ခဲ့ရသည့် အကျဉ်းသား ၂၀ ကျော်ရှိ ကြောင်းသိရသည်။
အဆိုပါ အကျဉ်းသားများသည် ယခုအခါတွင် အနည်းငယ် ပြန်လည်သက်သာခဲ့ပြီ ဖြစ်ကာ အကျဉ်းခန်းပြင်ပသို့ အချိန်နှင့် ထွက်ခွင့်များကိုလည်း ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်အကျဉ်းထောင်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူပေါင်း ၁၀၀ ကျော် ရှိပြီး အခြားအကျဉ်းသားစုစုပေါင်း ၃၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ထံက သိရသည်။
ဓာတ်ပုံ – လွိုင်ကော်အကျဉ်းထောင်
#ကရင်နီ #လွိုင်ကော်ထောင် #နိုင်ငံရေးအကျဉ်းသား #အစာအဟာရ #လုံလောက်စွာမရ #ပြန်လည်လွတ်မြောက် #Ayeyarwaddy_Times