ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

စစ်ကောင်စီက အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် ဟွန်ဒီ လုပ်ငန်းရှင်များ၏ ငွေစာရင်း အကောင့်များကိုပိတ်သိမ်းပြီး နိုင်ငံခြားငွေလဲလုပ် သူများကို ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေဈေးနှုန်းမတည်မငြိမ် ဖြစ်စေရန်လှုံ့ဆော် သည်ဟု ခေါင်းစဉ်တပ်၍ နိုင်ငံခြားငွေလဲလုပ်သူနှင့် ဟွန်ဒီလုပ်ငန်းလုပ်သူ ၃၉ ဦး၏ ဘဏ်ငွေစာရင်းအကောင့်နှင့် Pay account များကို စစ်ကောင်စီက ပိတ်သိမ်း လိုက်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

“ဒါက အာဏာရှင်တွေလုပ်တဲ့နည်းလမ်းပဲ။ သူတို့လက်ထဲမှာဒေါ်လာမရှိတော့ ဈေးကွက်ထဲရှိနိုင်တဲ့သူတွေကို သေနတ်ပြ ဖမ်းဆီးပြီးတော့ ငွေစာရင်းကောင့်သိမ်းတယ်။ အဲဒီစာရင်းထဲက ပိုက်ဆံတွေသူတို့ယူလိုက်ရော။ ကောက်သိမ်းလိုက်တာပဲလေ” ဟု ဒေါ်လာဝယ်ရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကွက်အတွင်း ငွေလဲနှုန်းမတည် မငြိမ်ဖြစ်စေရန် ပြုလုပ်သည်ဟုဆိုကာ နိုင်ငံခြားငွေအရောင်း အဝယ်ပြုလုပ်သူများနှင့် ပွဲစားများ အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးရန်လုပ်ဆောင်ခဲ့၍ ထွက်ပြေး တိမ်းရှောင်နေရပြီး လျှို့ဝှက်စွာသတင်းပေးနိုင်ကြောင်း ဇွန် ၃ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်သည်ဟုဆိုကာ ၁၄ ဦးဖမ်းဆီးထားပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဟွန်ဒီလုပ်သူများ #ငွေစာရင်း #စစ်ကောင်စီသိမ်း #Ayeyarwaddy_Times