
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇွန် ၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
မင်းတပ်မြို့နယ်၊ မနာတာအုပ်စု၊ ရမ်ပန်းကျေးရွာကို စစ်ကောင်စီမှ ယနေ့ ဇွန်လ ၅ ရက်နေ့ မနက်အစောပိုင်းက ရဟတ်ယာဥ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ရွာမှာ ဘာတိုက်ပွဲမှ မရှိဘဲ စစ်ကောင်စီက ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ရွာသားတွေက လေယာဥ် သံကြားလို့ အချိန်မီ ပုန်းခိုကျင်းထဲ ပြေးပုန်းရှောင်နိုင်ခဲ့လို့ အထိခိုက်မှု နည်းသွားတယ်။ ဗုံးကြဲတာကို ရွာကိုဘဲ တည့်တည့် လာကြဲသွားတာပါ။ အမျိုးသား တစ်ယောက်တော့ သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးလည်း ခြေ၊လက် ကျိုးဒဏ်ရာရတယ်။ “ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူမှာ အသက်ကြီးပိုင်း ဦးလောဖေ ဆိုသူဖြစ်ပြီး နောက်ထပ် အရပ်သား သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ချပ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် အရပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့သည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်သောကြောင့် ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အရပ်သားတစ်ဦးသေဆုံး #၃ဦးဒဏ်ရာရ #Ayeyarwaddy_Times