ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ကချင်ပြည်နယ်အခြေစိုက်၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) အုပ်ချုပ်မှုအောက်ရှိ ပညာရေးဌာနတွင် ၂၀၂၄ – ၂၀၂၅ ခုနှစ်စာသင်နှစ်အတွက် ၂၃၃ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကကချင်လွတ်လပ်ရေးကောင်စီ (KIC)၊ ဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
KIO/KIA ထိန်းချုပ်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်က စာသင်ကျောင်း ၂၁၅ ကျောင်းရှိပြီး တစ်နှစ်အတွင်း ၂၃၃ ကျောင်းတိုးချဲ့နိုင်သဖြင့် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စုစုပေါင်းကျောင်းအရေအတွက် ၄၄၈ ကျောင်းရှိလာမည်ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ပညာရေးဌာနတွင် ဆရာ၊ ဆရာမ ၂၆၇၉ ဦး နှင့် ပညာရေးဝန်ထမ်း ၄၁၅ ဦးရှိပြီး အခြေခံပညာရေးသာမက အဆင့်မြင့်ပညာရေးကို ပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကာ အခြေခံပညာရေးသင်ရိုး (Basic Education Common Curriculum Frame Work) ရေးဆွဲထားပြီဖြစ်ကြောင်း သိရသည်။
မိခင်ဘာသာစကား၊ စာပေနှင့်အစပြုသင်ကြားမည့် စနစ်ဖြစ်သော်လည်း ကချင် မဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက ကျောင်းများကိုလည်း တရားဝင် ဖွင့်လှစ်ခွင့် ပေးထားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ရေးသားထားသည်။
“ နေရာအသီးသီးမှ ကျောင်းသားတွေ မိမိတို့စိတ်တိုင်းကြကျောင်း ရွေးချယ်ခွင့်ရှိ ကြပါစေ။ ကျောင်းတွေအားလုံး (အားလုံး) စစ်ဘေးဒဏ်ကင်းမှ ကင်းလွတ်နိုင်ပါစေ” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းထားသည်။
KIO ၏ အဆင့်ပညာကျောင်းများတွင် ဆရာအတတ်သင်ကောလိပ်( မိုင်ဂျာယန်)၊ မိုင်ဂျာယန်ကောလိပ်၊ အုပ်ချုပ်ရေးအရာရှိသင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာကျောင်း၊ သူနာပြုကျောင်းနှင့် ဗိုလ်သင်တန်း ကျောင်းများပါဝင်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနယ်မြေစိုးမိုးရာ အညာဒေသများတွင်မူ ကိုယ်ထူကိုယ်ထ ကျောင်းများတည်ထောင်ပြီး ရပ်ရွာအတွင်း တစ်လ ၅၀၀၀ ကျပ် ရန်ပုံငွေထည့်ဝင်၍ အခြေခံအဆင့်ပညာသင် ကျောင်းများဖွင့်လှစ်ထားကြောင်းသိရသည်။
လက်ရှိကြားကာလ ပညာသင်ကြားရေးအတွက် အသိအမှတ်ပြုထားသော အွန်လိုင်း အခြေပြု အခြေခံပညာကျောင်းစုစုပေါင်း ၇၆ ကျောင်းရှိပြီး မြေပြင်သင်ကြားရေး ကျောင်း ၅၀၀၀ ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစတင်ကာ အခြေခံကျောင်းများအပါအဝင် တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများသည် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ကြပြီးနောက် ယခုချိန်ထိ ကောင်းမွန်စွာပညာသင်ကြား နိုင်ခြင်းမရှိသော ကလေးများစွာရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#KIOပညားရေး #ကျောင်းများတိုးချဲ့ဖွင့်နိုင် #ကချင်ပြည်နယ် #မိုင်ဂျာယန် #ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် #Ayeyarwaddy_Times