ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း (ပုဂံကျောင်း)တွင် တက်ရောက်နေသောကျောင်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံနေကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်အရသိရသည်။

“ကျောင်းအုပ်ကြီး က ကလေးတွေကို Aခန်းနေချင်ရင် ကျပ်ငါးသောင်း၊ Bခန်းဆို ကျပ်သုံးသောင်းနဲ့ အတန်းပိုင်ဆီမှာ ကျူရှင်တက်ခိုင်း နေတယ်။ အစိုးရကျောင်းကိုသူ့အပိုင်လိုသဘောထားပြီး လုပ်ခြင်တိုင်းလုပ်နေတာ”ဟု ကျောင်းသားမိဘတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အခန်းခနှင့် ကျူရှင်မတက်နိုင်သောကျောင်းသားများကို သင်ကြားမှုလုပ်သက်ရင့်သောဆရာမများ၏ အခန်းများတွင် နေရာချမပေးပဲ ခွဲခြားခြင်း ခံနေရသောကြောင့် သာမန်လက်လုပ်လက်စား ကျောင်းသားမိဘများက မကျေနပ်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

ငွေကြေးတတ်နိုင်သူများ၏ သားသမီးများကို ကျောင်းစတင်မဖွင့်မှီက အတန်းပိုင်ဆရာမများက ကျူရှင်ဖွင့်ကာ ကြိုတင်သင်ကြားပေးနေပြီး တက်ရောက်သူများအနေဖြင့် တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ကျောင်းဖွင့်ပါကAခန်းBခန်းထားရှိရန်။ ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း ကျောင်းသားမိဘများထံမှသိရှိရသည်။

“မိဘတွေ တော်တော်မကျေနပ်ဖြစ်နေတာ ဟိုရက်ကတိုင်ကြလို့ ကျူရှင်တွေ ၅ရက်လောက်ပိတ်ထားတယ်ကြားတယ်”ဟု ကျောင်းသားမိဘတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အကြောင်းနှင့်မှငွေကြေးတောင်းခံခြင်း မပြုကြောင်း စစ်ကောင်စီမှ ညွန်ကြားထားသော်လည်း ကျောင်းအချို့တွင်အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

#ပုသိမ်မြို့အမက၁၀ #ပုဂံကျောင်း #ကျောင်းသားများ #အကြောင်းအမျိုးမျိုးပြ #ငွေကြေးတောင်းယူနေ #Ayeyarwaddy_Times