
ဧရာဝတီတိုင်းမ်
ဇွန် ၄ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ရာ သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ဗျိုင်းဖြူကျေးရွာတွင် ထောင်ချီရှိသောရွာသူရွာသားများကို စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များက မေ ၂၉ ရက်နေ့မှစတင်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ လေးရက်အတွင်း သေဆုံးသူ ၇၆ ဦးအထိ ရှိလာပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗျိုင်းဖြူရွာမှပြန်လည်လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ လက်ရှိတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ ရာဂဏန်းနီးပါးရှိနေသေးပြီး အမျိုးသမီးနှင့် ကလေးသူငယ်အချို့ကိုသာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ရွာထဲကနေ စစ်သုံးကားတွေနဲ့ မိန်းမတွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကို တင်ပြီး ဝင်္ကပါကွင်းထဲမှာ လာချသွားတယ်။ ရွာထဲပြန်မဝင်နဲ့၊ သွားချင်တဲ့ဆီသွားဆိုလို့ တချို့လည်း ဆွေမျိုးတွေရှိတဲ့ ရွာတွေဘက်ကို သွားကြတယ်။ တချို့လည်း သွားစရာမရှိလို့ အဲဒီ့ကွင်းထဲမှာပဲ အမိုးအကာမရှိ နေနေကြရတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၉ ရက်နေ့က စစ်တွေအခြေစိုက် ဒကစမှတပ်ဖွဲ့ဝင်များ၊ ပခုက္ကူ အခြေစိုက်တပ်မ-၁၀၁ မှတပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ် အင်အားများ၊ ALP တပ်ဖွဲ့ဝင်အချို့နှင့်စစ်ကောင်စီသင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား ၁၇၀ပါစစ်ကြောင်းသည် ဗျိုင်းဖြူရွာကို ဝန်းရံပိတ်ဆို့၍ ဝင်ရောက် သတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကောင်စီက စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်များအပေါ်ကျူးလွန်နေမှုကို ပြင်းထန်စွာရှုတ်ချပြီး ၎င်းလုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် နောက်ထပ်အလားတူ ဖြစ်ရပ်များမဖြစ်စေရန် AA က ပြင်းထန်စွာ သတိပေးထားသည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေး စေခိုင်းသူနှင့် ညွှန်ကြားချက်ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သူအားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်ဟု AA က ဆိုထားသည်။
ပုံစာ-စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ပြန်လည်လွတ်မြောက်လာသည့် ဒေသခံအချို့ကို တွေ့ရစဉ်
#စစ်တွေ #ဗျိုင်းဖြူရွာ #စစ်ကောင်စီ #ဒေသခံပြည်သူ #အစုလိုက်အပြုံလိုက် #သတ်ဖြတ်ခံရ #သေဆုံးသူ၇၆ဦး #Ayeyarwaddy_Times