ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တင်ပြင်းအုပ်စု၊ အင်ပိုးကျေးရွာရှိ ချင်းအမျိုးသား ခုနှစ်ဦးကို မေလ ၃၁ ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

အင်ပိုးကျေးရွာမှ ချင်းအမျိုးသား ခုနှစ်ဦးကို စစ်ကောင်စီ၏ ရှောက်တောင်အခြေစိုက် ကပစ ၁၄ မှ မေလ ၃၁ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ကပစ ၁၄ က စစ်သားတွေက ရွာထဲကို ဝင်လာပြီး ဖမ်းဆီးသွားတာပါ။ သူတို့တွေကို ကပစ ၁၄ မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ တစ်ယောက်မှ ပြန်မလွတ်ကြသေး။ သူတို့ အခြေနေလည်း တစ်ခုမှမကြားရသေးဘူး။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် အင်ပိုးကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာတွင်းရှိ ပြည်သူများ၏ ဖုန်းများ အားလုံးသိမ်းဆည်းထားကာ ကပစ (၁၄) သို့ ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ အင်ပိုးကျေးရွာမှ ချင်းအမျိုးသား ခုနှစ်ဦး ဖမ်းဆီးခံရခြင်းသည် မေလ ၃၁ ရက်နေ့တွင် စစ်ကောင်စီ၏ ကပစ ၁၄ ကင်းဂိတ်တစ်ခု တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းဖြစ်နိုင်ကြောင်း အရှိုချင်းအမျိုးသားဖယ်ဒရယ်ကောင်စီထံက သိရှိရသည်။

“အင်ပိုးရွာက ချင်းအမျိုးသားတွေကို စစ်တပ်က ဖမ်းသွားတာ ဟုတ်ပါတယ်။ မေလ ၃၁ ရက်နေ့က အင်ပိုးရွာအနားရှိတဲ့ ကပစ ၁၄ ကင်းဂိတ်တစ်ခု တိုက်ခိုက်ခံရတယ်။ အဲ့ဒီမှာ စစ်တပ်တွေက အင်ပိုးရွာထဲ ဝင်မွှေသွားပြီး ချင်းအမျိုးသား ခုနှစ်ဦးကို ဖမ်းသွားတာဖြစ်တယ်။ ဒီနေ့ထိ ပြန်မလွတ်ကြသေးဘူး။”ဟု အရှိုချင်းအမျိုးသားဖယ်ဒရယ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ငဖဲမြို့နယ် ရှောက်တောင်အခြေစိုက် စစ်ကောင်စီ၏ ကပစ ၁၄ ကင်းဂိတ်တစ်ခုကို ချင်းကာကွယ်ရေးတပ်-အရှိုမှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

#ငဖဲမြို့နယ်တွင် #ချင်းအမျိုးသား၇ဦး #ဖမ်းဆီးခံရ #ကပစ၁၄ #Ayeyarwaddy_Times