ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

သီရိလင်္ကာနိုင်ငံက နယ်မြေများစွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပွားတဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဉီးရေဟာ ၁၆ ဉီးအထိ မြင့်တက်လာခဲ့ရာ စာသင်ကျောင်းတွေကို ပိတ်ပစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု အခြေအနေပေါ်မူတည်ပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်မယ်လို့ သီရိလင်္ကာ ပညာ ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

တနင်္ဂနွေနေ့နောက်ပိုင်း သီရိလင်္ကာနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နေအိမ်တွေ၊ လယ်ကွင်းတွေနဲ့ လမ်းမကြီးတွေ ရေနစ်မြှုပ်ခဲ့လို့ ကြိုတင်ကာကွယ်မှုအဖြစ် အာဏာပိုင်တွေက လျှပ်စစ် ဓာတ်အား ဖြတ်တောက်ခဲ့ရပါတယ်။

ကိုလံဘိုမြို့တော်အနီးနဲ့ ခရိုင် ၃ ခုမှာ လူ ၁၂ ဉီး ရေနစ်သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံ ခန့်ခွဲရေးဗဟိုဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ နေအိမ်ပေါ် မြေပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံး ခဲ့သလို သစ်ပင်လဲလို့ လူတစ်ဉီး သေဆုံးခဲ့ပါတယ်။

ကိုလံဘိုမြို့တော်ရဲ့ အရှေ့တောင်ဘက် ၅၃ မိုင်ခန့်အကွာ ရတ်နာပူရမြို့မှာ နေအိမ်နှစ်လုံးပေါ် မြေပြိုကျမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနက ပြောပါတယ်။

ဇွန်လ ၃ ရက်မတိုင်မီ ပြည်သူ ၆၀၀၀ ကျော်ကို ရေဘေးရှောင်စင်တာတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး နေအိမ် ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့နဲ့ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တာတွေ ထောက်ပံ့ဖို့ ရေတပ်နဲ့ကြည်းတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေလလယ်ကတည်းက ဆိုးရွားသော ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ အစောပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသ များစွာမှာ သစ်ပင်တွေ ကျိုးကျခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား – AP
Ref; Sri Lanka closes schools as the death toll from floods and mudslides rises to 16

#Ayeyarwaddy_Times