ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၄ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း မြို့ခံများထံမှသိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောင်းသည် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက် တွင်ရှိသည့် အခြေခံပညာမူလတန်းကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ နေ့လယ်ထမင်းစားဆင်းပြီး ကျောင်းပြန်တက်အချိန်ကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ကလေးတွေ ထိခိုက်ဒဏ်ရာရသူတွေကတော့ အရမ်းများတယ်” ဟု အိမ်ရှေ့ပြင်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၂၀ ကျော် ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး သေဆုံးသူ များလည်း ရှိကြောင်း မြို့ခံများက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ကျောင်းသား ၊ကျောင်းသူများကို အရေးပေါ်လူနာတင်ယာဥ်များဖြင့် ထားဝယ်ဆေးရုံကြီးနှင့် တပ်နယ်ဆေးရုံများသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“အရေးပေါ် ကားတွေနဲ့ ကလေးတွေကို ဆေးရုံသို့ ပို့နေကြတယ်။ အရေးပေါ်ကားတွေ ကလည်းအများကြီးပဲ။ ခြောက်စီးလောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူနဲ့ သေဆုံးသူတွေကို သယ်နေကြတယ်”ဟု ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်ခဲ့ခြင်းဖြစ်သည်ကိုမူ ဧရာ၀တီ တိုင်းမ် သတင်းဌာနအနေဖြင့် သိရှိရခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းစာသင်ကျောင်း အနီးရှိ အိမ်ရှေ့ပြင်ဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့ရောညပါ အချိန်ပြည့် ကင်းပုန်းဝပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-အိမ်ရှေ့ပြင်ရပ်ကွက် ၊လမ်းဆုံ(ပုံဟောင်း)
#ထားဝယ်မြို့ #အိမ်ရှေ့ပြင်စာသင်ကျောင်း #ဗုံးပေါက်ကွဲမှုဖြစ်ပွား #သေဆုံး #ထိခိုက်ဒဏ် #ကျောင်းသားများပြား #Ayeyarwaddy_Times