ဧရာဝတီတိုင်းမ်
(သိမ်ဇရပ်)၊ ဇွန် ၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် အမတ-၃၁၀ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်စခန်းတို့ ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများနေထိုင်ရာ ကျေးရွာများ အတွင်း သို့ လက်နက်ကြီးအများအပြားဖြင့် ပစ်ခတ်ခဲ့ရာ ခရစ်ယာန်သီလရှင် တစ်ဦးအပါအဝင် နှစ် ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက အမြောက်တပ် အမတ-၃၁၀ တပ်ရင်း နှင့် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီ တပ်သားအချို့ ထိခိုက်မှုများရှိခဲ့သည့်အတွက် အမတ-၃၁၀ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အမတ-၃၁၀ တပ်ရင်းက ၁၂၀-မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကွင်းရွာက နေအိမ်တစ်လုံး လုံးဝပျက်စီးသွားပြီး အိမ် နှစ် လုံး လက်နက်ကြီးအစ ထိမှန်ခဲ့တယ်။ စစ်ကွင်းတစ်ရွာထဲကိုပဲ လက်နက်ကြီး ခြောက်လုံး ကျရောက် ပေါက်ကွဲ ခဲ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ သုံးခွကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် သီလရှင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့ပြီး ဝါးဒတ်ကွင်းကျေးရွာရှိ မောင်ဟိန်းမင်းသူ ဆိုသူမှာလည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ တစ်နေ့ တည်းတွင် စစ်ကောင်စီ၏ အမတ-၃၁၀ တပ်ရင်းမှ လက်နက်ကြီး အလုံးရေ ၄၀ ကျော် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မုက္ခမော့၊ ဝါးဂေါက်ကွင်းလမ်း၊ သုံးခွ၊ ဝါးဒတ်ကွင်းနှင့် ခရွဲကျေးရွာများ ဝန်းကျင်သို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

အမတ-၃၁၀ တပ်ရင်းသည် ယမန်နေ့ ဇွန် ၃ ရက်နေ့တွင်လည်း ၈၁-မမ လက်နက်ကြီး လေးလုံးဖြင့် ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ မုက္ခမော့ နှင့် ခရွဲ ကျေးရွာ ဝန်းကျင် များသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပုံစာ- ၁၂၀-မမ လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်။
#သိမ်ဇရပ် #လက်နက်ကြီးကျရောက်ပေါက်ကွဲ #ဒေသခံနေအိမ် #အမတ၃၁၀ #ခရစ်ယာန်ဘုရားကျောင်း #Ayeyarwaddy_Times