
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
နာမည်ကြီးရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က နေ့စဉ်သက်မှတ်သည့် အခေါက်ရွှေစျေးကို ၁ ရက်အတွင်း ကျပ် ခုနစ်သိန်းကျော်ဈေးဆွဲတင်ခဲ့သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသည် ယနေ့ ဇွန် ၄ ရက်နေ့တွင် မီးလင်းရွှေ (အခေါက်) တစ်ကျပ်သားဈေးကို ကျပ် ၄,၈၇၁,ဝဝဝ ကျပ် အဖြစ် သတ်မှတ်ခဲ့ပြီး ယမန်နေ့ ဇွန် ၃ ရက်နေ့ ဈေးသတ်မှတ်ချက်တွင် အကယ်ဒမီ မီးလင်းရွှေ (အခေါက်) တစ်ကျပ်သားကို ၄,၁၃၆,၇၀၀ ကျပ်သတ်မှတ်ထားသဖြင့် တစ်ရက်အတွင်း ကျပ်ခုနစ်သိန်းကျော်မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ပြင်ပရွှေဈေးကွက်တွင်မူ အကယ်ဒမီအခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် သိန်း ၅၀ ပတ်ဝန်း ကျင်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ရွှေဆိုင်များအနေဖြင့် YGEA က သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရန် ထုတ်ပြန်ထားသော်လည်း ဈေးကွက်အတွင်း အကယ်ဒမီအခေါက်ရွှေ အရောင်း၊ အဝယ်မရှိကြောင်း ရွှေဆိုင်များထံက သိရသည်။
” ဒီကာလမှာ ကုန်သည်တွေကဆုံးမှာကြောက်တယ်။ ကြောက်တော့ အသင်းသတ်မှတ် ဈေးထက် သုံးသိန်း၊ လေးသိန်းတင်ရောင်းကြတယ်။ အသင်းသတ်မှတ်ဈေးအတိုင်း ရောင်းရင်ကိုဖြစ်ပါတယ်။ ကြောက်တော့ ဈေးတအားခွာယူလိုက်ကြတယ်။ အဲဒီကြားထဲ ဈေးတက်ရင် ကြောက်ပြီးဝယ်ကြတယ်။ ဈေးကျတော့ ကြောက်ပြီးပြန်ရောင်းကြတယ်။ ဈေးက မထိန်းနိုင်တာဖြစ်နေတာ ” ဟု မြောက်ဥက္ကလာရှိ အသေးစားရွှေဆိုင်ပိုင်ရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ရွှေဆိုင်အများစုမှနေ၍ အခေါက်ရွှေ အတုံး၊ အခဲများဝယ်ယူရာတွင် အဖမ်းခံရမည်စိုးရိမ်သဖြင့် ဈေးဝယ်ဘောင်ချာတွင် ပြင်ပ ပေါက်ဈေး အမှန်ကို ရေးခြင်းမရှိကြောင်း ရွှေဝယ်သူများထံက သိရသည်။
စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတုံးရောင်းချရာတွင် နာမည်ကြီးသည့် အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်၊ ခရမ်းသုံးခွဲရွှေဆိုင်၊ စိန်ကျော်မိုးရွှေဆိုင်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တို့နှင့် ပွဲစားသုံးဦးကို အရေယူရန် ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် လျှို့ဝှက်သတင်းပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသော တရားမဝင် ရွှေအရောင်းအဝယ်ပြုနေသည့် ပွဲစားများအပါအဝင်စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း စစ်ကောင်စီကဆိုသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#YGEA #ရွှေဈေးသတ်မှတ် #အကယ်ဒမီအခေါက်ရွှေ #တစ်ကျပ်သား #ကျပ်၄၈သိန်းသတ်မှတ် #Ayeyarwaddy_Times