မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဗိုလ်ချုပ်များကို အရန်အင်အားသို့ပို့ဆောင်ပြီး အခြားအရေးကြီးသည့် ရာထူးနေရာများကိုပါ အပြောင်း‌အရွှေ့ပြုလုပ်ခဲ့သည်။

နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို အရန်အင်အားသို့ပို့ပြီး ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို နေပြည်တော်တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး၊ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူး၊ သံချပ်ကာ ယန္တယားတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဆက်သွယ်ရေးရုံးညွှန် ကြားရေးမှူးများဖြစ်သည့် ဗိုလ်ချုပ် လေးဦးကိုလည်း အရန်အင် အားသို့ ပို့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးများကို အရန်အင် အားသို့ပို့၍ အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး အရန် အင်အားပို့ခံရသည့်အထဲမှ အချို့ကို တရား စွဲဆို ထောင်ချမည့် အစီအစဉ်များ လည်းရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉၊ စကခ ၁၇၊ စကခ ၁၅၊ စကခ ၈၊ စကခ ၆ က လူတွေကို လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ သုတေသန စစ်ရုံးချုပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဌာနချုပ်တွေကို ပြောင်းထားတယ်။ ဒုတပ်မမှူးတွေနေရာကို လေ့ကျင့်ရေးအရာရှိချုပ်(လကခ)တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (နကတ) ပြောင်းလာတဲ့နေရာကလူတွေနဲ့ အစားထိုးထားတယ်။ ပြီးတော့ တပ်ရင်းမှူးတွေကိုလည်း အခြေချစစ်ဗျူဟာတွေကို ပို့ပစ်တယ်။ တစ်မြုံတစ်မကြီး အရွှေ့ခံရသလို ဖမ်းဆီးစစ် ဆေးတာတွေလည်းရှိတော့ တပ်အတွင်းမှာ တော်တော်လေး ဂယက်ထနေတယ်”ဟု ကာကွယ်‌ရေးစစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတာဝန်‌ထမ်းဆောင်နေသည့် လက်ရုံးတပ်မှ ညွှန်ကြားရေးမှူးများဖြစ်သည့် ဗိုလ်ချုပ်သက်အောင်၊ ဗိုလ်ချုပ်ထွန်းထွန်းဦး၊ ဗိုလ်ချုပ်ဝင်းလွင်တို့ကို အရန်အင်အားသို့ပို့ပြီး လစ်လပ်သွားသည့်နေရာများတွင် အခြားဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် များကို အစားထိုးခန့် အပ်ခဲ့ကြောင်း သိရသည်။

ရာထူးမှဖြုတ်၍ အရန်အင်အားသို့ ပို့ဆောင်ထားသည့် ဗိုလ်ချုပ်များကို အဂတိ လိုက်စားမှု၊ ကျားဖြန့်လုပ် ငန်းများနှင့်ပတ်သက်ပြီး အရေးယူရန်ရှိကြောင်း သိရသည်။

ထို့အပြင် တပ်မမှူးအချို့နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခမှူး)၊ စစ်ဦးစီးတက္ကသိုလ် (ဥစတ)ရှိ စစ်ဦးစီး(ပထမတန်း) G1 များကိုလည်း ရာထူးအပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး စုစု ပေါင်း ၃၆ ဦးခန့်ရှိကြောင်း သိရသည်။

တပ်ရင်းမှူး ဥစတ G 1 များကို အခြေချစစ်ဗျူဟာများ ဖြစ်သည့် တန့်ယန်း၊ မိုးမိတ်၊ ပူတာအိုစသည့် စစ်ရေးပြင်းထန်နေသည့် နေရာများသို့ ပြောင်းရွှေ့ခန့် ထားလိုက်ကြောင်း သိရသည်။

ထို့ပြင် စကခမှူးအများစုကိုလည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်များသို့ ပြောင်းရွှေ့ ခန့်ထားမှုများလည်း ပြု လုပ်ထားသည်။

ယင်းအပြင် နိုင်ငံတော်စစ်ရုံးချုပ် ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်ကိုလည်း ရာထူး အပြောင်းအရွှေ့စာရင်းတွင် ထည့်သွင်းထားကြောင်း သိရပြီး အလားတူ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၅၅ ၏ တပ်မမှူးနှင့် ဒုတပ်မမှူး နေရာများကိုလည်းပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ အပြောင်းအလဲများမပြုလုပ်ခင် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို ရာထူးမှဖြုတ်ချပြီး ‌၎င်းနေရာကို ဗိုလ်ချုပ်ကိုကိုဖြင့် အစားထိုး ခန့်အပ်ထားသည်။

စစ်ကောင်စီသည် ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း များ နှင့်ဆက်စပ်၍ ထောင်နှစ်ရှည်ချမှတ်ခဲ့သည်။

ထို့ပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်လှမိုးကိုလည်း တရုတ် အစိုးရ၏ ဖိအားပေးမှုအရ ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

ဓာတ်ပုံ -အရန်အင်အားပို့ခံရသည့် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်

#စစ်ကောင်စီ #နေပြည်တော် #တိုင်းမှူး #ဗိုလ်ချုပ်များ #အရန်အင်အားပို့ #ခံရ #G1 #အခြေချစစ်ဗျူဟာ #ပြောင်းရွှေ့ #Ayeyarwaddy_Times