ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
ကျိုက်အရောထောင်အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အပါအဝင် အကျဉ်းသူများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် လူ့အခွင့် ရေးချိုးဖာက်ခံရမှုများ ခံစားနရကြာင်း သိရသည်။
စစ်ကောင်စီသည် လုံခြုံရေးအကြောင်းပြကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေပြီးအကျဉ်းထောင်များရှိ အကျဉ်းသူအမျိုးသမီးများအပါအဝင် အသက် မပြည့်သေးသည့် ကလေးငယ်များအတွက် အကျဉ်းထောင်များဖြစ်သည့် အမျိုး သမီးလူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းများတွင်ပါ ပြုလုပ်နေကြခြင်းဖြစ် ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
လက်ရှိတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ အများစုရှိသည့် ကျိုက်မရောအကျဉ်းထောင်တွင် အမျိုးသမီးများကို ထောင်တွင်း ရှာဖွေစစ်ဆေးရေး၊ လုံခြုံရေးကို အကြောင်းပြ၍ မိန်းမကိုယ်ထဲနှိုက်၍ စစ်ဆေးခြင်း၊ အမျိုးသမီးခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်တွယ်စစ် ဆေးခြင်းများ ပြုလုပ် နေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံက သိရသည်။
“အဲ့ဒီ ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်တယ်လို့ အသံ ကြားရတယ်။ လိင်အကြမ်းဖက်တယ်ဆိုတာထက် ရှာဖွေရေးလုပ်တာပေါ့နော်။ မိန်းမကိုယ်တွေကအစ အတင်းနိုက်စစ်တာမျိုး၊ ပြောရရင် အပေါ်ပိုင်းတွေကိုလည်း အတင်းကိုင်ရှာတာပေါ့နော်။ ရှာတာက သာမန်မဟုတ်တော့ဘူးလေ အတင်းကာရော ရှာသလိုဖြစ်နေတာပေါ့။ ဒါဟာလူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင်လည်း ဥပဒေ ချိုးဖောက်နေတာပဲ။ အင်းစိန်ထောင်မှာလည်း ဒီလိုမျိုးစစ်တယ်။ အခုက ကျိုက်မရော ထောင်မှာ ဒီထက်ပိုဆိုးလာတယ်။ ထောင်တိုင်းမှာစစ်ကြတာနော်” Women’s Organization of Political Prisoners အဖွဲ့ ဦးဆောင် အကြံပေးအဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျိုက်မရော ထောင်တွင် အကျဥ်းသူ အမျိုးသမီးများကို ရှာဖွေရေးအကြောင်းပြကာ စစ်ဆေးမှုများအပြင် ရုံးချိန်းသွားရမည့် အမျိုးသမီးများကို ဝတ်လစ်စလစ်ဖြင့် မှန်များပေါ်ထိုင်ခိုင်းခြင်း၊ ကြည့်ခြင်း များပြုလုပ်လျက်ရှိ ကြောင်းလည်း သိရသည်။
ထို့ပြင် ခန္ဓာကိုယ်အတွင်း ရှာဖွေသည်ဟုဆိုကာ ကိုင်တွယ်စစ်ဆေးခြင်းများ ပြုလုပ် ရာတွင်လည်း လက်အိတ်အသုံးပြုခြင်း စသည့် အခြေခံကျန်းမာရေး ကျင့်ဝတ်များကို ကျင့်သုံးခြင်း မရှိသည့်အတွက် အကျဉ်းသူ အမျိုးသမီးများ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်ရကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။
“လိင်အကြမ်းဖက် ကျူးလွန်လို့ ကျူးလွန်မှန်း သူတို့တောင်မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီး မိန်းမကိုယ်ကို လက်နဲ့နိုက်တယ်ဆိုတည်းက ဘယ်လောက် ဆိုးရွားတဲ့ လုပ်ရပ်လဲ။ ရင်ဘတ်တွေကိုကိုင်တယ်ဆိုတာက ရိုးရိုးသာမန်စမ်းနည်းတွေ မဟုတ်ဘဲနဲ့ အရမ်းစမ်းတာ။ သူတို့ဟာသူတို့တောင် မသိဘူး။ အကြမ်းဖက်နေလား၊ အကြမ်းမဖက်နေလားဆိုတာ။ ဒါပေမယ့် တစ်ဖက်ကနေ အစ်မတို့ ကြည့်မယ်ဆိုရင် ဒါဟာတကယ့်အကြမ်းဖက်မှုမြောက်နေတာပဲ။ အစ်မတို့အနေနဲ့လည်း အကြိမ်ကြိမ် ပြောတယ်။ အော်တယ်။ ဒါပေမယ့်မရဘူး။ သူတို့စစ်ဆေးမှုတွေက ဒီထက်ပိုဆိုး လာတယ်” ဟု အဆိုပါ WOPP ဦးဆောင် အကြံပေးအဖွဲ့ဝင် က ဆက်လက် ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည့် လုပ်ရပ်များနှင့် လူ့အခွင့် အရေးချိုးဖောက်သည့် လုပ်ရပ်များမှာ အကျဉ်းထောင်များအပြင် အမျိုးသမီး လူငယ်ထိန်းသိမ်း ရေးသင်တန်းကျာင်းများ ဖြစ်သည့် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေး သင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်း၊ ပုသိမ်ကြီးအမျိုးသမီးလူငယ် သင်တန်းကျောင်းတို့တွင်လည်း ကျူးလွန်လျက် ရှိကြောင်း သိရသည်။
ဗဟန်းအမျိုးသမီးသင်တန်း ကျောင်းရှိ မိန်းကလးငယ်များမှာ ၎င်းတို့ နေထိုင်ရာ အခန်း၊ ရေချိုးခန်း၊ အိမ်သာ စသည့်နေရာများတွင် CCTV ကင်မရာများကို မျက်နှာချင်းဆိုင် ထား၍ တပ်ဆင်ထားခြင်း၊ အပြစ်ပေး အရေးယူရာတွင် ဝတ်ဆင်ထားသည့် အဝတ် အစားများ အကုန်ချွတ်၍အပြစ် ပေးခြင်းများပြုလုပ် နေသည့်အတွက် အမျိုးသမီး ငယ်များ အနေဖြင့် စိတ်မလုံခြုံ မှုများကို ခံစားနေရကြောင်း သိရသည်။
“မိခင်ရဲ့ရင်ခွင်၊ မိဘအုပ်ထိန်းမှုအောက်မှာရှိနေရမယ့် အရွယ် တွေက မိဘနဲ့ဝေးကွာတဲ့ သင်တန်းကျောင်းအမည်ခံထားတဲ့ ကလေးသူငယ်အကျဉ်းထောင်တွေမှာ နေထိုင် ကြရတယ်။ သူတို့ ပျိုဖော်ဝင်ကာစအရွယ်တွေမှာ မိဘကအနားမှာမရှိတဲ့အခါမျိုးမှာ သူတို့တွေအတွက် ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေရင်ဆိုင်ကြရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် ကော့မှူးအမျိုးသမီး ထိန်းသိမ်းရေးစခန်းတွင်လည်း ထောင်တွင်းစစ်ဆေးချိန် များတွင် ထောင်ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်းလေးဆွေမျိုးနှင့် သူငယ်ချင်း များပါ ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး အဝတ်လဲချိန်များပါ ၎င်းတို့ဝင်ရောက်မှု များကြောင့် မိန်းကလေးငယ်မျာအနေဖြင့် ရေချိုးချိန်များ၊ အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများနှင့် ရင်ဆိုင်နေရကြောင်း PPNM ထံက သိရသည်။
အကျဉ်းထောင်များတွင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်တန့်ရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီအနေဖြင့် ဂရုစိုက်ခြင်းမရှိဘဲ ပိုမို၍ တင်းကျပ် စွာစစ်ဆေးခြင်း၊ ထောင်ဝင်စာပိတ်ပင်ခြင်းများအပြင် ယခုအခါ ဦးဆောင်နိုင်ငံရေး အကျဉ်းသူတချို့ကို တိုက်ပိတ်ရန်အစီအစဉ်များပင် အကောင်ထည်ဖော်ရန် ကြိုးစား နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံထားရသည့် အမျိုးသမီး အရေအတွက်သည် ၃၉၇၃ ဦးအထိရှိကြောင်း ယနေ့ ဇွန် ၄ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
#အကျဉ်းထောင် #ကျိုက်မရောထောင် #အမျိုးသမီး #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု #လူငယ်ထိန်းသိမ်းရေးစခန်း #စစ်ကောင်စီ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)