မြရာ၊ နိုရာ/ဧရာ၀တီတိုမ်း
ဇွန် ၄ ရက်

“အမှိုက်ပစ်ဦးမလား…ရှင့်”

မိုးသံတွေကြားကနေ စူးရှရှအော်သံသေးသေးလေးနဲ့အတူ သုံးဘီးတပ်လှည်းကို တွန်းလာသူက ပန်းဝါလေးလို့ ပဲခေါ်ကြတဲ့ မပန်းဝါပါ။ ကျောင်းဝတ်စုံကိုယ်စီနဲ့ ထီးလေးတွေ၊ မိုးကာလေးတွေဆောင်းပြီး ကျောင်းတက်ဖို့ လာနေကြသူတွေကို ပန်းဝါလေးမြင်တော့ အမှိုက်လှည်းကို လမ်းဘေးချပေးပြီး ငေးကြည့်ပါတယ်။

ပန်းဝါလေးဟာ အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့တိုင် ကျောင်းမနေဖူးပါဘူး။ မိဘတွေဟာ ပန်းရံလုပ်၊ မြေကြီးသယ်စတဲ့ ကြုံရာကျပန်း ဘောက်အလုပ်တွေလုပ်ပါတယ်။

ပန်းဝါလေးကတော့ မနက်ပိုင်းမှာ အမှိုက်လှည်းတွန်းပါတယ်။ ညနေခင်းမှာတော့ အမှိုက်လှည်းတွန်းရင်း ခူးယူလာတဲ့ ကန်စွန်းရွက်၊ ရှမ်းကနဖော့၊ ကြိတ်မှန်ရွက်တွေကို ဗန်းကလေးထဲထည့်ပြီး လည်ရောင်းတဲ့အလုပ် လုပ်ပါတယ်။

“သမီးကျောင်းတက်ချင်ပါတယ်။ သမီးကျောင်းတက်ရင် အမှိုက်လှည်း တွန်းမယ့်သူမရှိဘူး။ အဲ့အခါကျရင် အမေတို့ ငွေမရတော့ဘူးပေါ့” လို့ ပန်းဝါလေး ကပြောပါတယ်။

ပန်းဝါလေးရဲ့ အမှိုက်လှည်းလေးထဲမှာ အိမ်တွေကပေးလိုက်တဲ့ အမှိုက်အိတ်အချို့နဲ့ ကောက်လာတဲ့ ရေသန့်ဘူးခွံ၊ ကော်ခွက်အစုတ်အပြတ်တွေက လှည်းပြည့်လုပြည့်ခင်ပါ။

“အရင်က အမှိုက်လှည်းတွန်း ပလုံကောက်တာ တစ်နေ့ကို တစ်သောင်းကျော် လောက်ရတယ်။ အခုသမီးတို့လို ပလုံကောက်တဲ့သူများလာတော့ အရင်လို ပိုက်ဆံမရတော့ဘူး။ အဲဒါနဲ့ ညနေဘက် အရွက်စုံထွက်ရောင်းတာပါ လုပ်ရတယ်” လို့ ပန်းဝါလေးကပြောပြပါတယ်။

ပန်းဝါလေးမှာ အသက် ၄ နှစ်အရွယ် ညီမလေးတစ်ယောက်လည်း ရှိပါတယ်။ သူ့ညီမလေးကိုတော့ ပန်းဝါလေးက ကျောင်းတက်စေချင်တယ်လို့ ပြောပါတယ်။

“သမီး ကျောင်းမနေရပေမယ့် ညီမလေးကိုတော့ ကျောင်းတက်စေချင်တယ်။ အရွက်စုံရောင်းရင် ညီမလေးကပါ လိုက်ကူရောင်းပေမယ့် ညီမလေးမပါဘဲ သမီးဘာသာ ထွက်ရောင်းလည်း ရပါတယ်” လို့ ပန်ဝါလေးက ပြောရင်း ညီမလေးကို ကျောင်းတက်စေချင်တဲ့အကြောင်း ထပ်မံဆိုပါတယ်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံပြီး ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၆၃သိန်း ကျော်ရှိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် ကျောင်းပေါင်း ၂၇၀၀ ကျော် တစ်ပြိုင်နက် ကျောင်းအပ် နှံမှုပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီအုပ်စိုးခွင့်ရနယ်မြေဖြစ်ပြီး ကျောင်းပေါင်း ၂၇၀၀ကျော်ရှိနေတဲ့ ရန်ကုန် မြို့ကြီးမှာ ပန်းဝါလေးကတော့ အမှိုက်လှည်းတွန်းရင်း ညီမလေးနဲ့အတူ အရွက်စုံလည်ရောင်းရင်း စာသင်ခန်းတွေဆီ မရောက်နိုင်ခဲ့ပါဘူး။

“သမီးကျောင်းတက်ရင်အခုဆို လေးတန်းနေရမယ်လို့ပြောကြတယ်။ အခုတော့ သမီး ဘာစာမှမတတ်ဘူး။ စာရေးတတ်ချင်တယ်။ ဒါပေမယ့် အိမ်အတွက် ပိုက်ဆံရှာမှရမယ်။ သမီးတို့က ကျူးကျော်မှာနေပေမယ့် အိမ်ငှားခပေးရတယ်”

ပန်းဝါလေးတို့မိသားစုဟာ ရန်ကုန်မြို့ရဲ့ ကျူးကျော်ရပ်ကွက်တစ်ခုမှာမှ အိမ်ငှားပြန် နေနေရတဲ့သူတွေဖြစ်ပါတယ်။

မိုးတွင်းကာလရောက်လာပြီးဖြစ်သလို မိဘတွေရဲ့ ဘောက်အလုပ်တွေကလည်း အဆင်မပြေတော့တာကြောင့် မိဘဖြစ်သူတွေပါ ပန်းဝါလေးနဲ့အတူ အမှိုက်လှည်း လိုက်တွန်း ပလုံလိုက်ကောက်နေရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဆိုးကြီး ပြီးတဲ့နောက် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကြောင့် မူလတန်းကျောင်းသား သုံးဦးမှာ တစ်ဦးက ကျောင်းမနေရဘူးလို့ သိရပါတယ်။

“ကျောင်းနေချင်တယ်လို့သာ ပြောတာပါ။ တကယ်တမ်းနေရရင် သမီးနဲ့ရွယ်တူမဟုတ်တဲ့ ကလေးတွေကြားမှာ နေတတ်မှာ မဟုတ်ဘူး။ ညီမလေး နုနုတို့အရွယ်လေးတွေနဲ့ အတူတက်ရမှာတော့ နည်းနည်းရှက်တယ်” လို့လည်း ပန်းဝါလေးက ဆိုပါတယ်။

အသက်အရွယ်ကကြီးပြီး သင်ယူရတဲ့ အတန်းငယ်နေတဲ့ဖြစ်စဉ်တွေမှာ ကျောင်းတက် နေရတဲ့ ကလေးတွေဟာ တစ်နှစ်လောက်သာ ကျောင်းကိုလာတက်ကြပြီး နောက်ပိုင်းနှစ်တွေမှာ ဆက်လက်သင်ယူခြင်းမရှိတော့ဘဲ ကျောင်းထွက်သူများတယ်လို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အခြေခံပညာကျောင်း ဆရာမတစ်ဦးဆီက သိရပါတယ်။

“မိုးတွင်းရောက်လာတော့ အမှိုက်ပစ်ရမယ့်နေရာလည်းရှားလာတယ်။ သမီးတို့က အမှိုက်တွေကို အမှိုက်ပုံတွေမှာ သွားပစ်ပေမယ့် တချို့ ပလုံကောက်သမားတွေက တွေ့ရာနေရာပစ်ခဲ့တော့ စည်ပင်အမှိုက်ကားတွေလာရင် သမီးတို့လှည်းတွေကိုပါ ကားတွေနဲ့ သိမ်းသွားတတ်တယ်”

လွန်ခဲ့တဲ့ရက်ကပဲ ပန်းဝါလေးတို့ အမှိုက်လှည်းကိုလည်း စည်ပင်သာယာ အမှိုက်ကားနဲ့ ပါလာတဲ့ ဝန်ထမ်းတွေက သိမ်းယူသွားလို့ အခုဆိုရင် လှည်းအသစ်ဝယ်ဖို့ ငွေရှာနေရပါတယ်။

“လှည်းက သုံးသိန်းလို့ အမေကပြောတယ်။ မတ်တိုးနဲ့ချေးရင် တစ်နေ့ ခြောက်ထောင် အတိုးဖိုးပေးရမယ် မကိုက်ဘူးတဲ့။ အခုတော့ ပလုံဒိုင်က လှည်းကို ငှားတွန်းနေရတယ်။ သူတို့ဆီမှာပဲ ကောက်သမျှ ပြန်သွင်းရတော့ ဈေးနှိမ်တယ်” လို့ ပန်းဝါလေးက ဆိုပါတယ်။

ပန်းဝါလေးရဲ့ မိဘတွေဟာလည်း ကျောင်းနေခဲ့ဖူးသူတွေမဟုတ်ကြလို့ သူတို့ကလေးကို စာသင်ကျောင်းတွေဆီ ပို့ဖို့ စိတ်ကူးရှိပုံ မရပါဘူး။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၁၅နှစ်နဲ့အထက် လူဦးရေ ၂၂ ဒသမ ၉သန်းမှာ ထက်ဝက်ခန့်ဟာ အလယ်တန်းပညာအဆင့်သာ တက်မြောက် တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဌာနကတော့ ယခုနှစ် ဆရာ၊ဆရာမတွေ လိုက်နာရမယ့် ပညာရေးမူ ၁၂ ချက်ကို ညွှန်ကြားထားပြီး အဲ့ဒီအထဲမှာ ကျောင်းတက်ရောက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးဆိုတဲ့အချက်ပါပါတယ်။

တော်လှန်ရေးပြင်းထန်နေပြီး တိုက်ပွဲများဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ကလေးငယ်တွေကတော့ ကျောင်းတက်နိုင်ရေးထက် စစ်ကောင်စီရဲ့ အသက်ဘေးအန္တရာယ်က လွတ်မြောက်နိုင်ရေးအတွက်သာ ကြိုးပမ်းနေရပါတယ်။

ကရင်နီနယ်ဒေသမှာတော့ စစ်ကောင်စီက ဗုံးလာကြဲမှာစိုးလို့ ကျောင်းနဲ့အတူ ဗုံးခိုကျင်း ပါတူးထားရတယ်လို့ သိရပါတယ်။

ပန်းဝါလေးတို့လို့ မြို့ပေါ်မှာ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ ကလေးတွေဟာလည်း ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့် အမှိုက်လှည်းတွန်း၊ ဟင်းရွက်တချို့ခူးရောင်းရင်း မနက်ဖန်တွေကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

“သမီးတို့မှာ အကြွေးတွေလည်းရှိတယ်။ အဖေ တီဘီရောဂါဖြစ်တုန်းက သမီးတို့ ပိုက်ဆံတွေချေးရတယ်။ မတ်တိုးနဲ့ပဲမလို့ အခုထိအကြွေး မကျေသေးဘူး။ မိုးတွင်း ဆိုရင်တော့ အဝတ်တွေက စိုလိုက်ခြောက်လိုက်နဲ့မို့ အလုပ်လုပ်ရတာ မတွင်ကျယ်ဘူး။ နွေတုန်းကလည်း မနက်တစ်ပိုင်းပဲ ထွက်နိုင်တယ် ပူလွန်းလို့” လို့ ပန်းဝါလေးက ဆိုပါတယ်။

အခုဆိုရင် မပန်းဝါတို့ မိသားစုထဲမှာ ဆေးယဉ်ပါးတီဘီဖြစ်လို့ အလုပ်သိပ်မလုပ်နိုင် တဲ့အဖေနဲ့ အဖေ့ကိုပြုစုဖို့ အိမ်မှာပဲ အမြဲလိုနေရတဲ့အမေရယ် အသက် ၄ နှစ်သာရှိသေးပြီး အရွယ်မရောက်သတဲ့ နုနုတို့ဟာ ပန်းဝါလေးရဲ့ ၀င်ငွေတစ်ခုပေါ်မှာ မှီခိုရင် သူ့အလုပ်ကို ဝိုင်းကူညီပေးနေသူအဖြစ်သာ ရှိပါတော့တယ်။

ပလုံကောက်လို့ရတဲ့ ဝင်ငွေနဲ့ ဟင်းရွက်ရောင်းလို့ရတဲ့ ဝင်ငွေဟာ ချေးယူထားတဲ့ ငွေကြေးအချို့အတွက် မတ်တိုးဆပ်ပြီးရင် စားဖို့ မနည်းချွေတာဖယ်ရတယ်လို့ ပန်းဝါလေးက ဆိုပြန်ပါတယ်။

မိသားစုတာဝန်ကို အဓိကယူနေရပြီး အိမ်ရဲ့ အခက်အခဲတွေကို အလုံးစုံသိနေတဲ့ ပန်းဝါလေးဟာ မိဘတွေရှေ့မှာ ကျောင်းတက်ဖို့ကို ထုတ်မပြောရက်ဘူးလို့ ပြောပါတယ်။

မိုးရေတွေကြားထဲ “အမှိုက်ပစ်ဦးမလားရှင်” လို့ တစာစာအော်ရင်း စာသင်ကျောင်း တွေကို ကျောခိုင်းထားရတဲ့ မပန်းဝါတို့လို ကလေးတွေ ရန်ကုန်မြို့ကြီးထဲမှာ အများအပြားရှိနေပါတယ်။

“သမီးနာမည်လေးကို လှတယ်လို့ပြောကြတယ်။ ဒါကြောင့် မပန်းဝါလေးဆိုတဲ့ သမီးနာမည်ကိုလည်း လှလှလေး ရေးတက်ချင်တယ်”

#ပန်းဝါလေးကျောင်းမတက်ပါ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)