
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၅ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ ဇွန်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကျောင်းသား တစ် ဦးသေဆုံးပြီး ကျောင်းသား ကျောင်းသူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။
ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည့်ကျောင်းသည် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက် တွင်ရှိသည့် အခြေခံပညာမူလတန်းကျောင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ နေ့လည်ထမင်းစားဆင်းချိန်နှင့် ကျောင်းပြန်တက်အချိန်ကြားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ကျောင်းသား ၊ကျောင်းသူများသည် နေ့လယ်ပိုင်းထမင်းစားနားချိန်တွင် မြက်နှုတ် ဆော့ကစားရင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကိုတွေ့ရှိ၍ စာသင်ကျောင်း ခန်းအတွင်းသို့ ယူဆောင်ခဲ့ရာ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ကလေးတွေက မြက်နှုတ်ဆော့ကစားရင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တစ်လုံးကိုကောက်ရတယ်။ ကျောင်းထဲမှာပဲကောက်ရတာ။ ကောက်ရလို့ ကျောင်းအခန်းထဲကို ယူလာတယ်။ အဲ့ဒီအချိန်မှာ သမံတလင်းပေါ်ကို ပြုတ်ကျပြီး ပေါက်ကွဲတာ”ဟု အိမ်ရှေ့ပြင်ရပ်ကွက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၁၁ ဦး နှင့် ကျောင်းသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တတိယတန်းတွင် ပညာသင်ကြားနေသော အသက် ၉ နှစ်အရွယ် ကျောင်း သားတစ် ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“သေဆုံးသွား တဲ့ ကလေးက တစ်ကိုယ်လုံး ရစရာကိုမရှိဘူး။ လူရုပ် ကိုတောင် မှန်းလို့မရတော့ဘူး။မျက်နှာတွေ စုတ်ပြတ်သပ်နေတာပဲ။ လက်တစ်ဖက်လည်းပြတ် ထွက်သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိထားသော ကျောင်းသား၊ ကျောင်းသူ များသည် ထားဝယ်မြို့က ဆေးရုံကြီး နှင့် စစ်ကောင်စီတပ်ဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေကြကြောင်း ဒေသခံများထံက သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သော မေလ ၁၃ ရက်နေ့က ထားဝယ်မြို့ အဝင်ရှိ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်သည် ထားဝယ်မြို့ အဝင်ရှိ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံက သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခြေခံပညာမူလတန်းစာသင်ကျောင်းနှင့် စစ်ကောင်စီ တပ်မှ ကင်းပုန်းချထားသည့် အိမ်ရှေ့ပြင် ဂိတ်တို့သည် အနည်းငယ်သာ ကွာဝေးကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ -ပေါက်ကွဲ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ကျောင်းသား ၊ကျောင်းသူများ ဆေးရုံပေါ်၌ ဆေးကုသမှုခံယူနေစဥ်။
#ထားဝယ်မြို့ #အိမ်ရှေ့ပြင်စာသင်ကျောင်း #လက်နက်ကြီးကျည် #ပေါက်ကွဲ #ကျောင်းသား၁ဦးသေဆုံး #၂၆ဦးဒဏ်ရာရ #Ayeyarwaddy_Times