ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)အမျိုးသမီး တစ်ဦး၏ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချသဖြင့် သတို့သားအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့ မတောကျေးရွာတွင် ယနေ့ ဇွန် ၃ ရက်နေ့ နံနက် ၈ နာရီခန့်က ပြုလုပ်သည့် ပကဖအဖွဲ့ဝင်အမျိုးသမီးတစ်ဦး၏ မင်္ဂလာပွဲကို စစ်ကောင်စီသည် လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ သတို့သားအပါအဝင် လူ ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံများထံက သိရသည်။

“ပေါင် ၅၀၀ ဗုံးနှစ်လုံးကို တစ်ပြိုင်ထဲကြဲချတာ။ နေရာမှာတင်သေတာလည်း မနည်းဘူ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူလည်း မနည်းဘူး။ သေတဲ့အထဲ သတို့သားလည်းပါတယ်”ဟု မတောဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

မြို့နယ်ပကဖတာဝန်ခံတစ်ဦးဖြစ်သူ သတို့သမီး ဒေါင်းနီ၏ မင်္ဂလာပွဲကျင်းပနေစဉ် ထမင်းစားမဏ္ဍပ်အနီးသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကလေးငယ်များနှင့် သက်ကြီးသူများလည်း သေဆုံးပြီး ခြေပြတ်လက်ပြတ် ဖြစ်သူများပြားကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူအရေအတွက် များပြားနိုင်ပြီး စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် လတ်တလောတွင် လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများထိုး၍ မြို့နယ်များရှိ ကျေးရွာများကို ဝင်ရောက်ကာ ဒေသခံပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများ အကြောင်းမဲ့ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြောရရင် စစ်ကိုင်းမှာ အရင်လိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စကစ (စစ်ကောင်စီ)ကပြန်လုပ်လာပြီ။ အကြောင်းမဲ့တွေပေါ့။ လက်ထုတ္တောဆိုလည်း လတ်တလောဖြစ်ခဲ့တာ။ အခုဆိုလည်း ၂၀ ကျော် ၃၀ ကျော်လောက်ကိုရှိလောက်တယ်။ သေဆုံးသူရုပ်အလောင်းတွေ ကောက်မရသေးဘူးပြောတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာတီတိုင်းမ်ကို ပြောသည်။

#စစ်ကိုင်း #မင်းကင်း #မတော #ပကဖ #အမျိုးသမီး #မင်္ဂလာပွဲ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြ #ပေါင်၅၀၀ #ဗုံးသီး၂လုံး #၂၀ကျော်သေဆုံး #Ayeyarwaddy_Times