ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ပြည်တွင်းရွှေဈေးကွက်မငြိမ်မသက်ဖြစ်စေရန်ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီက ရွှေဆိုင်လုပ်ငန်းရှင်များကို ဖမ်းဝရမ်းထုတ်ပြီးနောက်တစ်နေ့တွင် ရွှေဆိုင်အချို့ပိတ်ထားသော်လည်း ဝရမ်းထုတ်ခံရသည့် ရွှေဆိုင်များဖွင့်လှစ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ပြည်တွင်းရွှေစျေးကွက်တည်ရှိရာ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ရွှေဆိုင်များ၏ မျက်နှာစာတွင် အခေါက်၊ ရွှေတုံးများ အရောင်းအဝယ်မရှိကြောင်း အသိပေးစာများ ချိတ်ဆွဲထားသည်။

ယနေ့ ဇွန် ၃ ရက်နေ့တွင် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် သိန်း ၅၀ အောက်ရောက်ရှိသွားပြီး ၁၅ ပဲရည်သည် ကျပ် သိန်း ၄၀ ကျော် ပတ်ဝန်း ကျင်တွင်ရှိကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ဈေးတွင် အကယ်ဒမီ မီးလင်းရွှေစျေးတစ်ကျပ်သားလျှင် ကျပ် ၄၁ သိန်းကျော်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

လက်ရှိရွှေဆိုင်များတွင် လူများပြားလျက်ရှိပြီး ရွှေထည်ပစ္စည်းများသာ ဝယ်ယူနိုင်ကြောင်းသိရသည်။

” သူတို့အဖမ်းခံရတာ အမှန်မှမဟုတ်တာ။ သူတို့အချင်းချင်းတွေပဲလေ။ အဲဒီမှာ ရွှေဆိုင်တွေတောင် အေးဆေးပဲဖွင့်နေတာမတွေ့ဘူးလား ” ဟု ၁၅ လမ်းအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်ထိဈေးတက်ခဲ့ပြီး ယနေ့ ဇွန် ၃ ရက်နေ့တွင် သိန်း ၅၀ အောက်ရောက်ရှိသွားပြီး အခေါက်ရွှေ ၁၆ ပဲရည်ရောင်းချခြင်းမရှိကြောင်းသိရသည်။

” ရွှေလုပ်ငန်းရှင်တွေကို သတ်မှတ်ဈေးနဲ့ ရောင်းခိုင်းနေတာကြာပြီ။ ခြောက်လလောက်ရှိပြီကြားတယ်။ အခုအဖမ်းခံထားရတဲ့သူတွေက အကျယ်ချုပ်သဘောမျိုးပေါ့။ မနက်စစ်ဆေးခံရတယ်။ ညနေအိမ်ပြန်နဲ့ ” ဟု စုံစမ်းစစ်ဆေးရေးနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတုံးရောင်းချရာတွင် နာမည်ကြီးသည့် အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်၊ ခရမ်းသုံးခွဲရွှေဆိုင်၊ စိန်ကျော်မိုးရွှေဆိုင်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တို့နှင့် ပွဲစား သုံးဦး ထွက်ပြေးတိမ်းရှောင်နေသဖြင့် လျှို့ဝှက်သတင်းပေးနိုင်ကြောင်း စစ်ကောင်စီက ယမန်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သည်ဟုဆိုကာ တရားမဝင်ရွှေအရောင်းအဝယ်ပြုနေသည့် ပွဲစားများအပါအဝင်စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီကဆိုသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#ရွှေလုပ်ငန်းရှင်များဖမ်းခံရ #ဖမ်းဝရမ်းထုတ်
#Ayeyarwaddy_Times