ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇွန် ၃ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကျည်းစမ်းရွာမှ သိမ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDFတပ်ရင်း ၊ တပ်ခွဲ-၂၊ တပ်ခွဲ-၄ တို့သည် ပြီးခဲ့သည့် ‌ဇွန် ၁ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာစဥ်တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ၃၆၀၁ PPDFတပ်ရင်း ထံက သိရသည်။

“အဲ့ဒီစစ်ကြောင်းက ကျွန်တော်တို့ပေါင်းတည်ပိုင်နက်ထဲကိုထိန်းချုပ်မှုလုပ်ချင်တာတို့ ရှင်းလင်းရေးလုပ်ချင်တာကြောင့် စစ်ကြောင်းထိုးလာတာ။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ မကျည်းစမ်းရွာဘက်ကို ပြန်ဆုတ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကို ပုခက်တွေနဲ့ ပြန်သယ်သွားတယ်။ သေဆုံးအလောင်းတွေကိုတော့ အဲ့ဒီနေရာတပတ်လည်မှာ ပြန်မြှုပ် ခဲ့တယ်။ ကျွန်တော်တို့နယ်မြေရှင်းလင်းရေး မလုပ်ရသေးတဲ့အတွက် မြှုပ်ခဲ့တဲ့နေရာ တွေမှာ ဓာတ်ပုံရိုက်ယူနိုင်ခြင်းတော့မရှိသေးဘူး” ဟု (၃၆၀၁ PPDF) တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါ စစ်ကောင်စီ စစ်ကြောင်းမှာ မကျည်းစမ်းရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် မေ ၃၁ ရက်နေ့က လည်း ပေါက်ခေါင်းနှင့် သဲကုန်းမြို့နယ်များတွင် စစ်မှု ထမ်းရန် အတင်းအဓမ္မ လူသစ်စုဆောင်းနေသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ ကို ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ပေါင်းတည် #စစ်ကြောင်းထိုး #စစ်ကောင်စီ #ပဲခူးရိုးမ #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times