
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးအပါအဝင် သုံးဦးသည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်အတူ မေလ ၃၁ ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF/CNO) တာဝန်ရှိသူထံက သိရှိရသည်။
အလင်းဝင်ရောက်လာသူများသည် ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း၊ ရဲတပ်သား ဟိန်းထက်စံ နှင့် ရဲတပ်သား ဟွာခန့်စိန်တို့ဖြစ်ပြီး ၎င်းတို့သည် G3 သေနတ် တစ်လက်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ၇.၆၂ ကျည်ဆံ ၂၉၀ တောင့်နှင့် ကျည်ဘောက် သုံးခုတို့ဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ သေနတ်နဲ့ လက်ပစ်ဗုံး၊ ကျည်ဆန်တွေ ယူလာပေးတဲ့ ရဲတပ်သား ဟိန်းထက်စံ ကို ဆုကြေးငွေ သိန်း (၆၀) ချီးမြင့်ပြီး ကျည်ဆန်နဲ့ လက်ပစ်ဗုံး ယူလာတဲ့ ရဲတပ်သား ဟွာခန့်စိန်ကို ဆုကြေးငွေ (၁၀) သိန်းချီးမြှင့်ခဲ့ပါတယ်။ အလင်းဝင်လာတဲ့ ရဲသုံးယောက်ကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီးပါပြီ။”ဟု CNDF/CNO ပြောခွင့်ရ Salai Timmy က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဖလမ်းမြို့တွင် ချင်းညီနောင်အနေဖြင့် မြို့သိမ်း တိုက်ပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး စစ်ကောင်စီတပ်နှင့်လည်း နေစဥ်ထိတွေ့မှုရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။
“ချင်းညီနောင်အနေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ပြင်ဆင်နေတယ်။ နေ့တိုင်းလိုလို အသေးစားထိတွေ့မှုတွေကတော့ ရှိတယ်။ ၂၀၂၄ အတွင်း မြို့သိမ်းပွဲတွေလုပ်ဖို့ ချင်းညီနောင်က ပြင်ဆင်နေပါတယ်။”ဟု CNDF/CNO ပြောခွင့်ရ Salai Timmy က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲ ပြင်းထန်းလာမည်ကို စိုးရိမ်နေကြသည့် ပြည်သူများသည် ကြိုတင် ထွက်ပြေးတိမ်းရှောင်မှု များနေပြီး အဆိုပါ ထွက်ပြေးတိမ်းရှောင်ကြသည့် ပြည်သူများကိုလည်း ချင်းညီနောင်အဖွဲ့မှ ကူညီပြင်ဆင်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
#ဖလမ်းမြို့မရဲစခန်း #ရဲတပ်ကြပ်ကြီး #လက်နက်ခဲယမ်း #အလင်းဝင်ရောက် #Ayeyarwaddy_Times